- အိအိတိုးလွင် | Thursday, 04 September 2014
ယာယီနုတ်ထွက်ဖို့ ကရင်အမျိုးသား အစည်းအရုံး (ကေအင်န်ယူ) ဥက္ကဋ္ဌ စောမူတူးဆေးဖိုးက
ဆုံးဖြတ်လိုက်ပေမယ့် ကောင်စီက ထပ်မံအတည်ပြုလိုက်တဲ့ ဗဟိုကော်မတီမှာ ကေအင်န်ယူ
အတွက် လစ်လပ်နေရာချန်ထားဆဲ ဖြစ်ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၂ ဖွဲ့ပါဝင်တဲ့ (UNFC) ရဲ့ ပထမဆုံးညီလာခံကို
လွန်ခဲ့တဲ့ သီတင်းပတ်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ စတင်ကျင်းပခဲ့ပါတယ်။
ညီလာခံကျင်းပတဲ့ ပထမရက်မှာပဲ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် က လက်ရှိကျင်းပတဲ့ ညီလာခံကနေ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးကို
တည်ဆောက်နိုင်ဖို့ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်တစ်ခု ညှိနှိုင်းနိုင်မယ်လို့ ယုံကြည်ကြောင်း
သ၀ဏ်လွှာပေးပို့ခဲ့ပါတယ်။
ဒါပေမဲ့ ဩဂုတ်လ ၃၁ ရက်နေ့မှာ ညီလာခံကနေ ကေအင်န်ယူ ထွက်ခွာသွားပြီး နောက်ပိုင်း
ထွက်လာတဲ့ သတင်းတွေက တိုင်းရင်းသား အဖွဲ့အစည်းတွေကြားမှာ စည်းလုံးမှု ပြိုကွဲပြီး အစိုးရနဲ့
ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို ထိခိုက်စေနိုင်တဲ့ သတိပေး စကားတွေပါပဲ။
အဓိက အကြောင်းရင်းကတော့ ဆွေးနွေးပွဲမှာ ကေအင်န်ယူဘက်က တင်ပြတဲ့ UNFC ဖွဲ့စည်းပုံ
အသစ်နဲ့ ပတ်သက်ပြီး အဖွဲ့ဝင်တွေကြားမှာ သဘောကွဲလွဲမှုတွေ ရှိတာကြောင့် ကေအင်န်ယူက
ဩဂုတ်လ ၃၁ ရက်နေ့မှာ ညီလာခံက ထွက်ခွာတာပါပဲ။
ညီလာခံကထွက်ပြီး စက်တင်ဘာ ၁ ရက်နေ့မှာတော့ UNFC အဖွဲ့ဝင်အဖြစ်က ယာယီရပ်ဆိုင်း
ကြောင်း ကေအင်န်ယူ က တရားဝင် အကြောင်းကြားပြီး ညီလာခံကနေ ၎င်းရဲ့ ကိုယ်စားလှယ်တွေ
ကိုလည်း ပြန်လည်ခေါ်ယူလိုက်ပါတယ်။
UNFC ကနေ ကေအင်န်ယူ နုတ်ထွက်သွားတာနဲ့ ပတ်သက်ပြီး ဝေဖန်ချက်မျိုးစုံ ထွက်ပေါ်နေမယ့်
UNFC အဖွဲ့ဝင်တွေ အနေနဲ့ ကေအင်န်ယူကို အဖွဲ့ဝင်အဖြစ်က နေ ရာသက်ပန် နုတ်ထွက်သွားဖို့
မမျှော်လင့်ဘူးလို့ ဆိုပါတယ်။
အသစ်ပြန်လည် ရွေးချယ်မယ့် ဗဟိုကော်မတီဝင်နေရာအတွက် ကေအင်န်ယူက ညီလာခံကို
အမည် စာရင်းမပို့ပေမယ့် ယခုလ ၂ ရက်နေ့က အတည်ပြုတဲ့ ဗဟိုကော်မတီမှာ ကေအင်န်ယူ
အတွက် နေရာချန်ထားခဲ့ပါတယ်။
"အဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌ နေရာနဲ့ ဗဟိုကော်မတီဝင် တစ်နေရာကို လစ်လပ်ထား ပေးပါတယ်။
ကေအင်န်ယူက UNFC က အပြီးထွက်သွားတာလည်း မဟုတ်ဘူးလေ။ အားလုံး ပြန်လည်
ပေါင်းစည်းနိုင်ဖို့ ကြိုးစားနေပါတယ်" ဟု UNFC ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးနိုင်ဟံသာက
ပြောပါတယ်။
အခုလိုမျိုး နေရာချန်လှပ်ထားတဲ့ အကြောင်းကိုလည်း ကေအင်န်ယူ ထံ တရားဝင် စာပို့အကြောင်း
ကြားဖို့ ပြင်ဆင်နေတယ်လို့ သူကပြောပါတယ်။
အတည်ပြုလိုက်တဲ့ ဗဟိုကော်မတီကိုတော့ ကချင်လွတ်မြောက်ရေးအဖွဲ့အစည်း ဒုတိယ ဥက္ကဋ္ဌ
ဗိုလ်ချုပ်ကြီး အင်ဘန်ဘက ဆက်လက်ဦးဆောင်မှာဖြစ်ပြီး ယခင် ဖွဲ့စည်းပုံအတိုင်း ဒုတိယဥက္ကဋ္ဌ
နေရာကိုတော့ ကေအင်န်ယူက တာဝန်ယူစေမှာပါ။
ညီလာခံမှာ UNFC ရဲ့ ဖွဲ့စည်းပုံကို ကေအင်န်ယူ အဆိုပြုတဲ့ ပုံစံအတိုင်း မဖွဲ့စည်းနိုင်ပေမယ့်
အချက်တော်တော်များများကို ပြင်ဆင်အတည်ပြုနိုင်ခဲ့တယ်လို့ အဖွဲ့ဝင်တချို့က ပြောပါတယ်။
"အဓိက အချက်ကတော့ ဗဟိုချုပ်ကိုင်မှု နည်းတဲ့ ဖွဲ့စည်းပုံမျိုးဖြစ်အောင် ပြင်ဆင်နိုင်ခဲ့တယ်။
အရင် ဖွဲ့စည်းပုံကတော့ ဗဟိုချုပ်ကိုင်သလို ပုံစံမျိုး ဖြစ်ခဲ့တာပေါ့။ နောက်ပြီး တိုင်းရင်းသားအစု
အဖွဲ့တွေရဲ့ ကိုယ်ပိုင်ရပ်တည်ခွင့်နဲ့ အချုပ်အခြာအာဏာကို မထိပါးနိုင်တဲ့ မူဝါဒတွေကိုလည်း
ချမှတ်နိုင်ခဲ့တယ်။ ဒါပေမဲ့ ကေအင်န်ယူ တောင်းဆိုသလို ရာနှုန်းပြည့်တော့ မဟုတ်ဘူးပေါ့ " လို့
ချင်းအမျိုးသား တပ်ဦးရဲ့ သဘာပတိ ကောင်စီဝင် ဆလိုင်းလျန်မှုန်း က ပြောပါတယ်။
ကေအင်န်ယူရဲ့ အထွေထွေအတွင်းရေးမှူး တာဝန်ယူထားတဲ့ ဖဒိုစောကွယ်ထူး ၀င်းတော့ UNFC ကို
အခုထက်ပိုပြီး ပိုမိုအားကောင်းတဲ့ အဖွဲ့အစည်း ဖြစ်လိုတဲ့အတွက် ဗဟိုချုပ်ကိုင်မှုနည်းတဲ့ ပုံစံမျိုး
အမှန်တကယ်ဆောင်ရွက်နိုင်မှသာ အဖွဲ့ဝင်ဖြစ်ဖို့ စဉ်းစားမယ်လို့ ဆိုပါတယ်။
ကေအင်န်ယူအနေနဲ့ တိုင်းရင်းသား အဖွဲ့တွေနဲ့ ပေါင်းစည်းဆောင်ရွက်နိုင်တဲ့ တပ်ပေါင်းစုပုံစံကို
မူချမှတ်ထားတာကြောင့် အပြင်မှာပြောနေကြသလို အစိုးရနဲ့ နီးစပ်မှုကြောင့်ငြိမ်းချမ်းရေး
လုပ်ငန်းတွေမှာ တစ်ဖွဲ့တည်း သီးသန့်ဆောင်ရွက်ဖို့ စဉ်းစားထားတာမျိုး မရှိဘဲ အားလုံးနဲ့
လက်တွဲဆောင်ရွက်သွားမယ်လို့ ဖဒိုစောကွယ်ထူးဝင်း က ပြောပါတယ်။
"အခုပြောနေသလို အစိုးရနဲ့ လုပ်နေတဲ့ NCCT အဖွဲ့ကလည်း ထွက်သွားဖို့ အစီအစဉ် မရှိဘူး။
UNFC က ယာယီနုတ်ထွက်တာဟာ NCCT အဖွဲ့က နုတ်ထွက်တာမျိုး မဟုတ်ဘူး။ ငြိမ်းချမ်းရေး
အတွက် NCCT အဖွဲ့ဝင်တွေ အားလုံးနဲ့ ဆက်ပြီး လက်တွဲ လုပ်ဆောင်သွားမှာ"လို့
ဖဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
NCCT အဖွဲ့ဝင်ဖြစ်သူ ဆလိုင်းလျန်မှုန်း ကလည်း NCCT အဖွဲ့က UNFC သဘောတူညီချက်အရ
ဖွဲ့စည်းခဲ့တာ မဟုတ်ဘဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ညီလာခံက ပေါ်ထွက်လာတာ
ဖြစ်တဲ့အတွက် NCCT နဲ့ UNFC မတူညီတဲ့ ပုံစံတွေရှိတယ်လို့ ဆိုပါတယ်။
"UNFC မှာ အမြင်ကွဲပြားမှုတွေ ရှိပေမယ့် နိုင်ငံရေးဆွေးနွေးပွဲကို အတူသွားမှ သေချာမယ်ဆိုတဲ့
အချက်ကတော့ အားလုံး ယုံကြည်တဲ့အချက်ပါ။ တကယ်လို့ UNFC မှာ ကေအင်န်ယူက
မပါတော့ဘူးဆိုပြီး ဆုံးဖြတ်ရင် အဖွဲ့တစ်ခု အနေတော့ လျော့သွားမှာပေါ့။ ဒါပေမဲ့ ကျွန်တော်
ထင်ပါတယ်။ ကေအင်န်ယူ ဗဟိုကော်မတီ အတွင်းမှာ ညှိပြီးရင်တော့ သူတို့ ပြန်ပါလာမှာ။
အားလုံးက စုစုစည်းစည်းပဲ သွားချင်ပါတယ်" လို့ ဦးနိုင်ဟံသာ ကပြောပါတယ်။
UNFC မှာ အဖွဲ့ဝင်အဖြစ် ပြန်လည်ပါဝင်ရေးနဲ့ ပတ်သက်ပြီး "ဘာမှ မဆုံးဖြတ်ရသေးပါဘူး။
ဗဟိုကော်မတီမှာ အစည်းအဝေး ထိုင်ပြီးမှပဲ ဆုံးဖြတ်ရမယ့် ကိစ္စပါ"လို့ ဖဒိုစောကွယ်ထူးဝင်းက
ပြောပါတယ်။
0 comments:
Post a Comment
အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်