KIO ပိုင် ဘူးဂါး လျှပ်စစ်ဖြန့်ဖြူးရေးကုမ္ပဏီနှင့် ကချင်ပြည်နယ် လျှပ်စစ်ဝန်ကြီးဌာနတို့ စာချုပ် ပြင်ဆင်ချုပ်ဆို
Written by:
ထွန်းလင်းအောင် (မြစ်ကြီးနား)
ကချင်ပြည်နယ်အတွင်း
မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့များကို လျှပ်စစ်ဓာတ်အား
ဖြန့်ဖြူးနေသော ဘူးဂါး လျှပ်စစ်ဖြန့်ဖြူးရေးကုမ္ပဏီနှင့်
ကချင်ပြည်နယ်လျှပ်စစ်ဝန်ကြီးဌာတို့ စာချုပ်ပြင်ဆင်ချုပ်ဆိုမည်ဖြစ်ကြောင်း
သတင်းရရှိသည်။
စာချုပ်ပြင်ဆင်ချုပ်ဆိုရသည့် အကြောင်းအရင်းမှာ မီတာခများ
လျော့ကျရေး၊လိုအပ်ချက်များပြင်ဆင်နိုင်ရေး၊ လုပ်ငန်းဆောင်ရွက်မှုများ
တိုးချဲ့ဆောင်ရွက်နိုင်ရေး စသည့်အချက်များကြောင့် ဖြစ်ကြောင်းသိရသည်။
ယခုအချိန်တွင် ဘူးဂါးကုမ္ပဏီမှ ဘာသာရေးနှင့် ရုံးပိုင်းဆိုင်ရာ များတွင်
တစ်ယူနစ် ၁ဝဝ ကျပ် ၊ အိမ်သုံး တစ်ယူနစ် ၁၆ဝ ကျပ်၊ စီးပွားရေးလုပ်ငန်းသုံး
၃ဝဝ ကျပ်ဖြင့် ကောက်ခံနေခြင်း ဖြစ်သည်။
ကချင်ပြည်နယ် လျှပ်စစ်ဝန်ကြီး ဦးစိုင်းမောင်ရွှေက “
ဒီစာချုပ်ပြင်ဆင်ချုပ်ဆိုမယ်ဆိုတာ မှန်ပါတယ်။
ပြည်နယ်လျှပ်စစ်ဝန်ကြီးဌာနနှင့် ဘူးဂါး ကုမ္ပဏီတို့ ညှိနှိုင်းနေဆဲပါ။
ပြည်ထောင်စုလျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနနှင့် ဆက်ညှိရမယ်။
ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကိုလည်း တင်ပြရပါဦးမယ်။ လွှတ်တော်မှာတော့
တင်ပြတာမရှိပေမယ့် လူထုတွေ့ဆုံပွဲတွေမှာ လျှပ်စစ်ဓာတ်အား ဈေးကြီးကြောင်း
တင်ပြကြတွေရှိပါတယ်။ ဒီထက်လျော့တဲ့ဈေးနှုန်းနှင့် ဖြစ်ဖို့ရှိပါတယ်။
ဘယ်လောက်ဖြစ်မယ်ဆိုတာ မသိနိုင်သေးဘူး”ဟု ပြောကြားသည်။
ဘူဂါးလျှပ်စစ်မန်နေဂျာ ဦးလအောင်က “ပြင်ဆင်ချုပ်ဆိုဖို့
ပြည်နယ်လျှပ်စစ်ကို အကြံပြုချက်တွေ တင်ပြထားပါပြီ။ ပြည်နယ် ဒေသအစိုးရနှင့်
ညှိနှိုင်းဆဲရှိပါသေးတယ်။ လုပ်ငန်းအနေနှင့် ချဲ့ထွင်တာလည်း ရှိပေမယ့်
ပြင်ဆင်မှုကို အဓိကထား လုပ်နေပါတယ်။
မလိရေအားလျှပ်စစ်က မလောက်ငတဲ့ဓာတ်အားလည်း CPI ကုမ္ပဏီက ချီဖွေငယ်က
တစ်ယူနစ် ၆ဝကျပ်နှုန်းနှင့်
မြန်မာလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းဌာနကတစ်ဆင့်
ဝယ်ယူဖြန်ဖြူးနေပါတယ်။ ချီဖွေငယ်ကပြတ်တောက်သွားတဲ့ လိုင်းလည်း မနေ့ကပဲ
ကောင်းသွားပြီ” ဟု ဆိုသည်။
ဘူးဂါးလျှပ်စစ်ကုမ္ပဏီသည် ကေအိုင်အိုပိုင် ကုမ္ပဏီတစ်ခုဖြစ်ပြီး
ကချင်ပြည်နယ်အစိုးရ ၊ မြန်မာလျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းတို့နှင့်
၂ဝဝ၇ခုနှစ်တွင် နှစ်နှစ်ဆယ်ကြာ စာချုပ်ချုပ်ဆိုထားခြင်း ဖြစ်သည်။

0 comments:
Post a Comment
အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်