နိုင်ငံတကာ အာကာသစခန်း (ISS) ကို ပေးပို့မယ့်
ထောက်ပံ့ရေးပစ္စည်းတွေ တင်ဆောင်ထားတဲ့ အမေရိကန်က လွှတ်တင်တဲ့ မောင်းသူမဲ့
ဒုံးပျံ အန်တာရဲ့စ် (Antares) ပေါက်ကွဲပျက်စီးအပြီး နာရီပိုင်းအတွင်း
ရုရှားအစိုးရက ပရိုဂရက်စ် ၅၇ (Progress 57) ကုန်တင်အာကာသယာဉ်ကို
ကာဇက်စတန်နိုင်ငံ ဘိုင်ကိုနာအာကာသ စခန်းကနေ လွှတ်တင်လိုက်ပါတယ်။
နိုင်ငံပေါင်း
၁၅ နိုင်ငံ ပူးပေါင်းပိုင်ဆိုင် လည်ပတ်နေတဲ့ ISS ဟာ အမေရိကန်ဒေါ်လာ
ဘီလီယံ ၁၀၀ တန် အာကာသသုတေသန ဓာတ်ခွဲခန်းဖြစ်ပြီး ကမ္ဘာမြေအထက် မိုင် ၂၆၀
ဝေးတဲ့ ပတ်လမ်းကြောင်းပေါ်မှာ တည်ရှိပါတယ်။
ဒီစခန်းအတွက် သယ်သွားတဲ့ ထောက်ပံ့ရေးပစ္စည်း ၂.၆ တန်ထဲမှာ အာကာသစခန်းထဲက ဝန်ထမ်း ၆ ယောက်အတွက် စားနပ်ရိက္ခာ လောင်စာနဲ့ ထောက်ပံ့ရေး ပစ္စည်းတွေ ပါပါတယ်။
အာကာသစခန်းထဲမှာတော့ နာဆာက အာကာသယာဉ်မှူး ၂ ဦး၊ ရုရှ အာကာသ ယာဉ်မှူး ၃ ဦးနဲ့ ဥရောပ အာကာသအေဂျင်စီက ၁ ဦးတို့ အလုပ်လုပ်နေပါတယ်။
အမေရိကန်က လွှတ်တင်တဲ့ အန်တာရဲ့စ် ဒုံးကျည်ဟာ အရင်က လေးကြိမ် အောင်အောင်မြင်မြင် လွှတ်တင်နိုင်ခဲ့ပြီး အောက်တိုဘာ ၂၈ ရက်နေ့ကမှ ပထမဆုံးအကြိမ် ပေါက်ကွဲပျက်စီးခဲ့တာပါ။ ဒီမတော်တဆမှုကြောင့် လူတယောက်မှ ဒဏ်ရာမရဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။
နာဆာက သူ့ရဲ့ အာကာသလွန်းပျံယာဉ်တွေ သက်တမ်းကုန်အပြီး ပုဂ္ဂလိက အကာသကုမ္ပဏီ အော်ဘစ်တယ် ဆိုင်းယန့်စ် (Orbital Sciences) နဲ့ စပေ့စ်အိပ်ခ်ျ (SpaceX)ကို ISS ဆီ ကုန်စည်သယ်ပို့ဖို့ ငှားရမ်းခဲ့တာပါ။
အောက်တိုဘာ ၂၈ ရက်နေ့ လွှတ်တင်မှုဟာ အော်ဘစ်တယ် ဆိုင်းယန့်စ် ကုမ္ပဏီရဲ့ ခရီးစဉ် ၈ ခုထဲက ၃ ခုမြောက် ဖြစ်ပါတယ်။
လာမယ့် ဒီဇင်ဘာ ၉ ရက်နေ့ အာကာသခရီးစဉ်အတွက် နာဆာနဲ့ စာချုပ်ချုပ်ထားတဲ့ စပေ့စ်အိပ်ခ်ျ အာကာသလေ့လာရေး နည်းပညာ ကုမ္ပဏီဟာ သူ့ရဲ့ လေးကြိမ်မြောက် ခရီးစဉ်အဖြစ် ပြင်ဆင်နေပါတယ်။
http://burmese.dvb.no/archives/69300

0 comments:
Post a Comment
အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်