Written by ကေဇူး
ရန်ကုန် (မဇ္ဈိမ) ။ ။ ၂၀၁၅ ရွေးကောက်ပွဲ
ထပ်မံကျင်းပရန်နီးကပ်လာသည့်အချိန်တွင် ရခိုင်ပြည်နယ် ပဋိပက္ခ အရှုပ်အထွေးသည်
ဖြေရှင်း၍ မပြီးနိုင်သေးသည့် အခြေအနေတွင်ရှိသေးသည်။

(ဓာတ်ပုံ- အီးပီအေ)
ထိုအရှုပ်အထွေး အကျပ်အတည်းများကြားတွင် ရခိုင်ပါတီနှစ်ခုဖြစ်သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ရခိုင် အမျိုးသား ဖွံ့ဖြိုးရေးပါတီ RNDP တို့ ပူးပေါင်းလိုက်ကြပြီး ရခိုင်တိုင်းရင်းသားများ၏ တစ်ဦးတည်းသော ပါတီ အဖြစ် တည်ထောင်လိုက်ကြသည်။
သို့သော် ရခိုင်ပြည်သူ ငါးသန်းကျော်၏ မဲဆန္ဒသည် ရခိုင်အမျိုးသားပါတီ တစ်ခုတည်းဆီကို ရောက်မလား သို့မဟုတ် ပါတီကြီးများထံသို့ ရောက်ရှိ သွားမလားစောင့်ကြည့်ရဆဲ အခြေအနေဖြစ်သည်။
၂၀၁၀ ခုနှစ်တွင် ရခိုင်ပြည်နယ်တောင်ပိုင်းတွင် အနိုင်ရခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ရခိုင်ပြည်နယ်တွင် ၎င်း၏လွှတ်တော် ကိုယ်စားလှယ်များ နေရာရရှိရေးအတွက် ၂၀၁၄ နှစ်ကုန်ပိုင်းမှ စတင်၍ ကြိုးပမ်းလျက်ရှိသည်။
“သံတွဲ၊ တောင်ကုတ်နဲ့ ဂွမြို့နယ် သုံးခုစလုံးက ၂၀၁၀ ကလည်း အနိုင်ရထားတယ်။ ပါတီဝင် အင်အားလည်း ကောင်းတဲ့အတွက် ဒီမြို့နယ် သုံးခုကိုတော့ နိုင်ရမယ်လို့ မှန်းထားတယ်ပေါ့” ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရခိုင်ပြည်နယ် အတွင်းရေးမှူး ဦးသန်းဝေက မဇ္ဈိမကိုပြောသည်။
ပြည်ခိုင်ဖြိုးပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်တောင်ပိုင်းတွင် အနိုင်ရခဲ့ပြီး ၂၀၁၅ တွင် လည်း အနိုင်ရရှိရန် မျှော်လင့်ထားသည်။
ပြည်ခိုင်ဖြိုးပါတီသည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲက ရခိုင်ပြည်နယ်တောင်ပိုင်းကို အနိုင်ရခဲ့ပြီး ၂၀၁၅ တွင် ထပ်မံ၍ အနိုင်ရရှိရေး မျှော်လင့်ထားသည် ။
သမ္မတတိုက်ရိုက်ခန့်အပ်တော့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သည် “ကျွန်တော့်ကိုယ်ထဲမှာ ရခိုင်သွေးတွေ စီးဝင်နေတယ်”ဆိုသော စကားနှင့်အတူ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့တွင်းတွင် နေရာယူလိုက်သည်။ ထို့ နောက် ရခိုင်ဒေသခံများအကြိုက်အသုံးအနှုန်းများ သုံးနှုန်း၍ ပြည်သူများထံတွင် အမှတ်ယူခဲ့သည်။ ၎င်း၏ ဆောင်ရွက်ချက်များသည် အာဏာရပါတီ၏အကျိုးအတွက် ဖြစ်သည်ဟု ရခိုင်ပြည်နယ် ရှေ့နေချုပ် ဦးသာပွင့်က သုံးသပ်သည်။
“တချို့ကိစ္စတွေကို ရခိုင်ပြည်သူရှေ့မှာ ရပ်တည်ပြတာတော့ ရှိတယ်။ ဒါပေမဲ့ ဘင်္ဂါလီပြဿနာနဲ့ ပတ်သက်ပြီး ဘယ်လောက်ဖြေရှင်းနိုင်မလဲ ဆိုတာကတော့ အဓိကစမ်းသပ်ချက်ပဲ”ဟု ၎င်းကဆိုသည်။
ရခိုင်ပြည်နယ်တွင် နိုင်ငံသားဖြစ်သော ရခိုင်လူမျိုးများ၊ နိုင်ငံသားဖြစ်ခွင့်ရရှိပြီးသူ ဘင်္ဂလီလူမျိုးများ၊၁၉၈၂ နိုင်ငံသားဥပဒေနှင့်စိစစ်ပြီးနောက်ပိုင်း နိုင်ငံသားဖြစ်လာ မည့်သူများ စသည်တို့၏ မဲဆန္ဒများသည် မည် သည့်ပါတီကို ဦးတည်မလဲဆိုသည့် အချက်ကပါတီများ၏ အလေးထားစရာ အချက်တစ်ခုဖြစ်သည်။
ရခိုင်အမျိုးသားပါတီအနေဖြင့် အစ္စလာမ်ဘာသာဝင်များကို ပါတီအတွင်းမှ ထုတ်ပယ်ထားသလို နိုင်ငံသား ဖြစ်ခွင့်ရလာသူများ၏ မဲဆန္ဒသည်လည်း ရခိုင်အမျိုးသားပါတီကို ထည့်ဝင်မည်မဟုတ်ပေ။
၂၀၁၀ ခုနှစ်တွင် အဖြူရောင်ကတ် ကိုင်ဆောင်သူများ မဲထည့်ခွင့်ရရှိခဲ့ပြီး ၎င်းမဲများကို ပြည်ခိုင်ဖြိုးပါတီက အဓိကရရှိခဲ့သည်။ ၂၀၁၂ ခုနှစ် ရခိုင်နှင့် ဘင်္ဂါလီ ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်းတွင် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများနှင့် ယာယီသက်သေခံကတ်ပြားကိုင်ဆောင်သူများက လူ့အခွင့်အရေးနှင့် နိုင်ငံသားဖြစ်ခွင့် အတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီသို့ ၀င်ရောက်လာကြသည်။ အလားတူ ရခိုင်တို့၏ ယုံကြည်မှု လျော့နည်းလာပြီး ရခိုင်ပြည်နယ်တွင် NLD ပါတီသည် ဘင်္ဂါလီပါတီဟု စွပ်စွဲမှုများရှိ လာသည်အထိ ရခိုင်တို့က ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကို ဆန့်ကျင်လာကြသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ၀ှိုက်ကတ် ကိုင်ဆောင်သူများကို မဲထည့်ခွင့်မပြုဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်ပြီး ပါတီအတွင်းရှိ ၀ှိုက်ကတ်ကိုင်ဆောင်သူများကို ထုတ်ပယ်ရန် NLD ပါတီ ကို ညွှန်ကြားခဲ့သည်။ သို့ဖြစ်၍ ရခိုင်ပြည်နယ်ရှိ ၀ှိုက်ကတ်ကိုင်ဆောင်ထားသည့် ပါတီဝင်များကို NLD ပါတီအနေဖြင့် ဆုံးရှုံးရမည်ဖြစ်သည်။ အလားတူပင် ထိုမဲဆန္ဒများလည်း ဆုံးရှုံးရမည်ဖြစ်သည်။
ရခိုင်ပြည်နယ်အရေး လေ့လာသုံးသပ်သူ စစ်တွေ အထက (၁)မှ ကျောင်းဆရာ ဦးထွန်းရွှေက“ခေတ် အဆက်ဆက် ရခိုင်မှာ မဲအနိုင်ရရှိရေးအတွက် ဘင်္ဂါလီတွေကို အစိုးရက အသုံးချခဲ့တယ်။မှတ်ပုံတင်ပေး ပြီး မဲထည့်ခိုင်းတာမျိုးတွေလုပ်ခဲ့တယ်၊ အခုလည်း ၈၂ ဥပဒေနဲ့ နိုင်ငံသားစိစစ်နေတဲ့အချိန်မှာ ဒါမျိုးဖြစ် မလာနိုင်ဘူးလို့ မပြောနိုင်ဘူး”ဟု ဆိုသည်။
ရခိုင်ပြည်နယ် အစိုးရအနေဖြင့် ၁၉၈၂ နိုင်ငံသားဖြစ်ခွင့်ဥပဒေအရ စိစစ်ရမည့် အရေအတွက်မှာ ဆယ် သိန်းကျော်ရှိသည်။ ရခိုင်ပြည်နယ်တွင် ၀ှိုက်ကတ်ကိုင်ဆောင်သူ ခုနစ်သိန်းကျော်ရှိပြီး ယင်းတို့မဲဆန္ဒများ ဆုံးရှုံးရမည်ဖြစ်သည်။
ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးအေးသာအောင်က “ဦးမောင်မောင်အုံးအနေနဲ့ ရခိုင် ပြည်သူတွေဘက်က ရပ်တည်မှုတချို့ကို ကျွန်တော်တို့ကြိုဆိုတယ်။ ပြည်သူတွေရဲ့ မဲရဖို့၊ မရဖို့က ကျွန် တော်တို့ပါတီတွေရဲ့ စွမ်းဆောင်ချက်သာ ဖြစ်ပါတယ်”ဟု ဆိုသည်။
ထို့အတူ ၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေ အကောင်အထည်ဖော်မှုကြောင့် နိုင်ငံသား ဖြစ်လာမည့်သူများ၏ မဲဆန္ဒအပေါ် ANP ပါတီက အဓိကထားမည်မဟုတ်ဟုလည်း ပြောကြားခဲ့သည်။
၂၀၁၅ အောက်တိုဘာ သို့မဟုတ် နိုဝင်ဘာလတွင် ပါတီစုံ အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီး ဖြစ်သည်။ သဘောထားတင်းမာသော လူမျိုးစု နှစ်ခုတည်ရှိရာ၊ ထိရှလွယ်သော အခြေအနေရှိနေသည့် ရခိုင်ပြည်နယ်အတွင်း ဘယ်ပါတီ မဲအသာရ မလဲဆိုသည်ကို စောင့်ကြည့်ရပေမည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/37089-2015-01-15-10-53-02
0 comments:
Post a Comment
အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်