AWU ရုံးမှ လူပ်ရှားမူ ဓါတ်ပုံအချို့များကို တင်ပြထားပါသည်။

Friday, February 6, 2015

ဆန္ဒပြကျောင်းသားများရှေ့က မားမားမတ်မတ် ရပ်တည်ပေးမည်ဟု ရွှေညဝါဆရာတော်မိန့်

Written by  စည်သူမောင်မောင်

ဧရာဝတီ သပိတ်စစ်ကြောင်းမှ သပိတ်မှောက် ကျောင်းသားများကို ရွှေညဝါဆရာတော်ကြီးက ဟင်္သာတမြို့သို့ တရားပွဲ လာရောက်ရင်း ညောင်တုန်းအဝင် ဗိုလ်မြတ်ထွန်းတံတားအဆင်းတွင် အားပေးစကား မိန့်ကြားခဲ့သည်။
shwe-nya-wah
"လမ်းတစ်လျောက်လုံး သားတို့နဲ့အတူ ပြန်လိုက်ပါမယ်" ဟု ဆရာတော်ကြီးက မိန့်ကြားခဲ့သည်။

ယင်းအပြင် "သားတို့ကို သိစေချင်တာ တစ်ခုပေါ့။ အဲဒါတော့ ဘုန်းဘုန်းလည်း သိပ်လက်မခံဘူး။ အဲဒီ့ကိစ္စ တကယ်ဖြစ်လာရင် သားတို့ရှေ့က ဘုန်းဘုန်းရပ်ပေးမယ်။ ရောက်တဲ့နေရာက ပြေးလာပြီး ရပ်ပေးပါမယ်။ ဘာလို့လဲဆိုတော့ ပြည်ထဲရေးဝန်ထမ်းတွေဖြစ်တဲ့ ရဲတပ်ဖွဲ့တွေကို တိုင်းဒေသကြီးတွေက ဘယ်လိုလုပ်ပါ။ ဘယ်လိုကိုင်ပါ အမိန့်ပေးမလို့ မရဘူးတဲ့။ တပ်က တိုက်ရိုက်အမိန့်ပေးနေတဲ့ ပုံမျိုး ဖြစ်နေတယ်" ဟု ဆရာတော်က သတိပေး မိန့်ကြားခဲ့သည်။
ဆရာတော်ကြီးက ကျောင်းသားများအတွက် ဧရာဝတီတိုင်းကျော်သွားပါက စိုးရိမ်ပူပန်သည်ဟုလည်း မိန့်သည်။
ဧရာဝတီတိုင်း ဝန်ကြီးချုပ်က ဖေဖော်ဝါရီလ ၆ရက်က သပိတ်စစ်ကြောင်းတွင် ပါသည့် ကျောင်းသားများ၏ မိဘများကို ခေါ်ယူကာ ဧရာဝတီတိုင်းအတွင်း လုံခြုံရေး နှင့် ကျောင်းသားများ သွေးမြေမကျရေး တာဝန်ယူကြောင်း နှင့် ဧရာဝတီတိုင်းကို ကျော်လွန်ပါကမူ တာဝန်ယူနိုင်တော့မည်မဟုတ်ကြောင်း ခေါ်ပြောခဲ့သည်။
ကျောင်းသားများ ယခုကဲ့သို့ ပညာရေးစနစ်အတွက် တိုက်ပွဲဝင်နေသည်ကို ဆရာတော်ကြီးက ထောက်ခံကြောင်းနှင့် တိုင်းပြည်ကို အာဏာရှင်က ဖျက်ဆီးအုပ်ချုပ်သွား၍ ပညာရေးစနစ် ညံ့ဖျင်းခဲ့ရကြောင်း မိန့်ကြားသည်။
"သားတို့အားလုံး တိုက်ရင် နိုင်အောင်တိုက်။ တွန်းရင် လဲအောင်တွန်း။ လှန်ရင် လန်အောင်လှန်။ ကျောင်းသားတို့သည် တိုင်းပြည်အနာဂတ် ပုံဖော်ထုဆစ်မယ့် လက်တွေဖြစ်တယ်ဆိုတာ ယုံကြည်ထားပါ။ ကျောင်းသားအားလုံးသည် အနာဂတ်တိုင်းပြည်ကို တာဝန်ယူမယ့် ပန်းပျိုးလက်တွေ ဖြစ်တဲ့အတွက်ကြောင့် စည်းကမ်းရှိရမယ်ဆိုတာ ယုံကြည်ချက် ခိုင်ခိုင်မာမာ ထားပါ။ နည်းလမ်းသိရမယ်။ နည်းလမ်းဆိုတာ ဥပဒေကို ပြောတာ။ ဥပဒေဆိုတာ လက်ရှိတည်ဆဲကို ပြောတာပါ။ အဲဒါတွေကို လုံးဝ မချိုးဖောက်ပါနဲ့ သူတို့ ထောင်ချောက်ထဲ ဝင်သွားမယ်ဆိုတာ သတိပြုရမယ်။ ဇွဲရှိရမယ်။ စည်းလုံးညီညွတ်မှု ရှိရမယ်။ သတ္တိရှိရမယ်။ သတ္တိက မှန်ကန်တဲ့ သတ္တိရှိရမယ်"ဟုလည်း ရွှေညဝါဆရာတော်က အားပေးစကားမိန့်ကြားခဲ့သည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-11/item/38543-2015-02-06-13-14-10

0 comments:

Post a Comment

အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်