Written by စည်သူအောင်မြင့်
ခုဆိုရင် ကျောင်းသားတွေ တောင်းဆိုတဲ့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲက ရလာတဲ့ရလဒ် အတော်လေးကို ခရီးရောက်နေပါပြီ။
ကျောင်းသားနဲ့ NNER (မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်) တို့ သဘောတူလက်ခံတဲ့ အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း တစ်ခုကိုရရှိခဲ့ပြီး ဖြစ်ပါတယ်။ ပြောရရင် ကျောင်းသားတွေ တောင်းဆိုဆန္ဒပြ တိုက်ပွဲဝင်မှု အောင်ပွဲခံဖို့ အချိန်နီးကပ်နေပြီလို့လည်း ခန့်မှန်းနိုင်ပါတယ်။ ဒါပေမယ့်လည်း ပြဿနာ တချို့နဲ့ ရင်ဆိုင်နေရဆဲ ရှိပါသေးတယ်။ ဘာပြဿနာတွေလဲ၊ ဘယ်လို ဖြေရှင်းသင့်သလဲ၊ ကျောင်းသားတွေ ဘယ်လို အောင်ပွဲခံသင့်သလဲဆိုတာ ဒီကနေ့ ဆွေးနွေး
တင်ပြသွားပါ့မယ်။
ကျောင်းသားနဲ့ NNER (မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်) တို့ သဘောတူလက်ခံတဲ့ အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း တစ်ခုကိုရရှိခဲ့ပြီး ဖြစ်ပါတယ်။ ပြောရရင် ကျောင်းသားတွေ တောင်းဆိုဆန္ဒပြ တိုက်ပွဲဝင်မှု အောင်ပွဲခံဖို့ အချိန်နီးကပ်နေပြီလို့လည်း ခန့်မှန်းနိုင်ပါတယ်။ ဒါပေမယ့်လည်း ပြဿနာ တချို့နဲ့ ရင်ဆိုင်နေရဆဲ ရှိပါသေးတယ်။ ဘာပြဿနာတွေလဲ၊ ဘယ်လို ဖြေရှင်းသင့်သလဲ၊ ကျောင်းသားတွေ ဘယ်လို အောင်ပွဲခံသင့်သလဲဆိုတာ ဒီကနေ့ ဆွေးနွေး
တင်ပြသွားပါ့မယ်။
အဓိက ပြဿနာကတော့ ကျောင်းသားတွေဘက်နဲ့ အစိုးရဘက် တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုရလဒ်မှာ နှစ်ဖက် လက်သင့်ခံနိုင်လောက်တဲ့ အဖြေ မထွက်တာပါ။
ကျောင်းသားတွေနဲ့ NNER အဖွဲ့ဘက်က တောင်းဆိုတာတွေကို အစိုးရနဲ့ လွှတ်တော်ဘက်က လိုက်လျောခဲ့သလောက် အစိုးရဘက်က တောင်းဆိုတာကိုတော့ ကျောင်းသားတွေ ဘက်က ဘာကတိတစ်ခုမှ မပေးနိုင်၊ မလိုက်လျောနိုင်တဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ ခုဆိုရင် ကျောင်းသားတွေနဲ့ NNER ဘက်က တောင်းဆိုတဲ့အချက်တွေအားလုံး ပြင်ဆင်မယ့် ဥပဒေကြမ်းထဲ ပါဝင်သွားပါပြီ။ လွှတ်တော်တင်၊ လွှတ်တော်က အတည်ပြု၊ သမ္မတလက်မှတ်ထိုး အတည်ပြု ထုတ်ပြန်ဖို့ပဲ ကျန်ပါတော့တယ်။ ဒါပေမယ့် တွေ့ဆုံညှိနှိုင်းစဉ် ကာလတလျှောက်လုံး အစိုးရဘက်က တောင်းဆိုတဲ့ သပိတ်ရပ်ဆိုင်းထားရေး၊ ဒါမှမဟုတ် သပိတ်လှန်ရေး ကိစ္စကိုတော့ ကျောင်းသားတွေဘက်က လုံးဝ ကတိမပေး နိုင်တာပဲ ဖြစ်ပါတယ်။ အစိုးရ ဘက်က တောင်းဆိုလိုက်တိုင်း လေးပွင့်ဆိုင် တွေ့ဆုံပွဲတက်နေတဲ့ ကျောင်းသားတွေဘက်က ပြောတာတစ်ခွန်းတည်းပါ။ သပိတ်မှောက်ရာမှာ ပါဝင်တဲ့ ကျောင်းသားတွေနဲ့ ပြန်တိုင် ပင်ရဦးမယ် ဆိုတာမျိုးပါ။
ခုလောက် အခြေအနေရောက်လာတာတောင် ကျောင်းသားခေါင်းဆောင်တချို့က သပိတ်စစ်ကြောင်းတွေ ရန်ကုန်အရောက် ချီတက်မယ်၊ စစ်ကြောင်းတွေ အားလုံးပေါင်းဆုံပြီး ရန်ကုန်မှာအောင်ပွဲခံမယ် ဆိုတာမျိုး ပြောဆိုနေသလို တကယ်တွေ့ဆုံ ဆွေးနွေးနေတဲ့ အစိုးရဘက်ကိုလည်း ရန်သူသဖွယ် ပြောဆိုနေတာတွေ လည်းကြားနေကြရပါတယ်။ အပြောင်းအလဲ ဖြစ်နေတဲ့ အခြေအနေ၊ တကယ်ပဲ အစိုးရဘက်ကဘယ်တုန်း ကနဲ့မှမတူ အလျှော့ပေးလိုက်လျောနေတာတွေကို အသိအမှတ်ပြုလိုပုံ မရပါဘူး။ ကျောင်းသားစစ်ကြောင်း တချို့ကတော့ ခေတ္တရပ်ဆိုင်းပြီး အခြေအနေကို စောင့်ဆိုင်းမယ် ဆိုတာမျိုး ဆုံးဖြတ်ကြပါပြီ။ အခြားတစ် ဖက်မှာတော့ အစိုးရဘက်ကလည်း ကျောင်းသားသပိတ်စစ်ကြောင်းတွေ ရန်ကုန်ကို လုံးဝအဝင်ခံမှာ မဟုတ်ဘူး၊ ရောက်လာရင် အဆင့်လေးဆင့်ခွဲပြီး တားဆီးမယ်၊ နောက်ဆုံး ကောင်းကောင်းမွန်မွန်တားလို့ မရရင် ရဲလုပ်ထုံးလုပ်နည်းတွေအတိုင်းလုပ်မယ် ဆိုပြီးကြေညာထားပြီး ဖြစ်ပါတယ်။
လက်ရှိ ရန်ကုန်မှာ ကျောင်းသားသပိတ်ကို ထောက်ခံတဲ့ ဆန္ဒပြချီတက်ပွဲတွေ လုပ်နေသလို ကျောင်းသားသပိတ် စစ်ကြောင်းတွေ ရန်ကုန်ဝင်လာမှာကို မလိုလားဘူးဆိုတဲ့ တန်ပြန်ဆန္ဒပြပွဲတွေကိုလည်း ရန်ကုန်နဲ့ အနီးအနား ဧရိယာတွေမှာ ပြုလုပ်နေကြပါပြီ။ ဒီသတင်းတွေကို အစိုးရ သတင်းစာတွေမှာလည်း အကျယ်တဝင့် ထည့်နေတာတွေ့ကြရပါတယ်။ ထူးခြားချက်တစ်ခုကတော့ သီတဂူ ဆရာတော် ဘုရားကြီးက သပိတ်မှောက် ကျောင်းသားတွေ ကို မေတ္တာရပ်ခံပန်ကြားချက် ထုတ်ပြန်တာပါ။ ဆရာတော်ဘုရားကြီးဟာ ငြိမ်းချမ်းရေးကို လိုလားသူပီပီ အခုဖြစ်ရပ်ဟာ ကျောင်းသားတွေ အနေနဲ့ အောင်မြင်မှုရတာ ဖြစ်တဲ့အ ကြောင်း ၊ ဒီအောင်မြင်မှုကို ဂုဏ်ယူပြီးနေရပ်ပြန်၊ ပညာကို ဆက်ဆည်းပူး၊ ကျောင်းသားဆိုတာ ငြိမ်းချမ်းရေးကို လိုလားသူတွေဖြစ်တယ်ဆိုတာ သက်သေပြကြပါလို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။
ဆရာတော်ဘုရားကြီးပြောတာတကယ် လည်းမှန်ပါတယ်။ ဒါဟာ ကျောင်းသားတွေရဲ့ အောင်မြင်မှုပါ။ အရင်သူတို့ မျိုးဆက်ဟောင်းတွေ၊ အကို အမမျိုးဆက်တွေ မစွမ်းဆောင်နိုင်တာကို စွမ်းဆောင်နိုင်တဲ့ ဂုဏ်ယူဖွယ် အောင်မြင်မှုရအောင်လုပ်ပြခဲ့ကြပြီး ဖြစ်ပါတယ်။ တစ်ဆက်တည်း ဒီပညာရေးဥပဒေ ပြင်ဆင်မှု ဖြစ်စဉ် မပြီးဆုံးသေးဘူး ဆိုတာလည်းမှန်ပါတယ်။ ဒီအခြေအနေ နှစ်ခုကို မှန်မှန်ကန်ကန် သုံးသပ်ပြီး ရှေ့လုပ်ငန်းစဉ်ကို ချမှတ်ရမှာပါ။
အခုဆိုရင် ပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း အတည်ပြုနိုင်တဲ့ အဆင့်မရောက်သေးပါဘူး။ ဒါကို အတည်ပြုပြီးရင် နည်းဥပဒေတွေ ပြုစုတဲ့အခါ ကျောင်းသားတွေ တောင်းဆိုထားတဲ့အတိုင်း ကိုယ်တိုင် ပါဝင်ကြရဦးမှာလည်း ဖြစ်ပါတယ်။ ဒီလောက်လားဆိုတော့ မကသေးပါဘူး။ ဥပဒေက ပြဋ္ဌာန်းပေးလိုက် တာနဲ့အညီ ကျောင်းသားတွေ လိုလားတောင့်တတဲ့ တရားဝင်ကျောင်းသားသမဂ္ဂတွေကို ဒီမိုကရေစီ နည်းကျကျ ဖွဲ့စည်းတည် ဆောက်ကြဖို့လည်း လိုနေပါသေးတယ်။ ဒါတင်လားဆိုတော့လည်း မပြီးသေးပါဘူး။ ကောင်းမွန်တဲ့ ပညာရေးဥပဒေတစ်ခု တည်းရှိရုံနဲ့ ကျောင်းသူကျောင်းသားတွေဟာ တကယ့်ကို တွေးခေါ် နိုင်စွမ်းရှိတဲ့ ပညာရပ်တွေကို သင်ယူနိုင်ဦးမှာ မဟုတ်ပါဘူး။ ပညာသင်ကြားပေးနိုင်မယ့် လူသား အရင်းအ မြစ်တွေ ပေါ်ထွက်လာဖို့နှစ်ပေါင်းများစွာ စောင့်ဆိုင်းရဦးမှာ ဖြစ်သလို၊ ပညာရေးမှာ ဘတ်ဂျက်ငွေကြေး ကောင်းကောင်းသုံးနိုင်ဖို့ တိုင်းပြည်စီးပွား ဖွံ့ဖြိုးတိုးတက်ဖို့လည်း လိုနေပါတယ်။ စုတ်ပြတ်နေတဲ့ နိုင်ငံတစ် နိုင်ငံက ပညာရေး အသုံးစားရိတ် ဘတ်ဂျက်အားလုံးရဲ့ ၂ဝ ရာခိုင်နှုန်းနဲ့ စီးပွားဖွံ့ဖြိုးတဲ့ နိုင်ငံတစ်နိုင်ငံက ၁ဝ ရာခိုင်နှုန်း မတူနိုင်ပါဘူး။ အဲဒါတွေလုပ်ဖို့လည်း လိုနေပါသေးတယ်။
ပြောရရင် သပိတ်မှောက်ကျောင်းသားတွေဟာ ဒီဥပဒေကြမ်း ပြင်ဆင်ရေးကိစ္စ တစ်ခုတည်း မဟုတ်ဘဲ ရှေ့မှာလုပ်စရာ ကိုင်စရာ၊ သင်ယူစရာ၊ ကြိုးပမ်းအားထုတ်စရာ စိန်ခေါ်မှုတွေ အမြောက်အမြား ကျန် နေပါသေးတယ်။ ဗြိတိသျှနယ်ချဲ့ လက်အောက်ရောက်စဉ်ကာလ ရဲဘော်သုံးကျိပ် ရန်ကုန်ဝင်သလို အလံ ထောင်ချီတက်၊ ပြည်သူတွေက အုန်းအုန်းကြွက်ကြွက်နဲ့ ပန်းကုံးစွပ်ကြိုဆိုလိုက်ကြရုံနဲ့ ပြဿနာက မပြီးသွား သေးပါဘူး။
ကျောင်းသားတွေဟာ အခုသပိတ်မှောက်ပွဲကို မှန်မှန်ကန်ကန် စတင်ခဲ့ကြတာဖြစ်ပါတယ်။ အခုဆို အောင်မြင်မှုတွေရပြီး ပန်းတိုင်ရောက်ဖို့လည်း နီးကပ်နေပါပြီ။ ဒီအချိန်မှာ မှန်မှန်ကန်ကန် အဆုံးသတ်တတ်ဖို့လို ပါတယ်။ နောက်ထပ် ကြုံလာရမယ့် ပြဿနာပေါင်းမြောက်မြားစွာ၊ စိန်ခေါ်မှုပေါင်း မြောက်မြားစွာ၊ တိုက်ပွဲ ပေါင်း မြောက်မြားစွာ စောင့်ကြိုနေပါသေးတယ်။ ပန်းတိုင်ရောက်ကာနီးပြီမို့ မှန်မှန်ကန်ကန် အောင်ပွဲခံနိုင်ရေး၊ မှန်မှန်ကန်ကန် ဆုံးဖြတ် လုပ်ကိုင်သင့်ပါကြောင်း သုံးသပ်တင်ပြ လိုက်ရပါတယ်။
http://www.mizzimaburmese.com/2013-10-20-17-18-22/2013-10-20-16-34-57/item/39168-2015-02-17-04-34-58
0 comments:
Post a Comment
အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်