AWU ရုံးမှ လူပ်ရှားမူ ဓါတ်ပုံအချို့များကို တင်ပြထားပါသည်။

Sunday, March 8, 2015

ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး ဘတ်ဂျက် ၁၅ ဘီလီယံ ကုန်သော်လည်း လိုအပ်ချက်များ ရှိနေသေး


Written by  ကေဇူး

ရန်ကုန် (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ပြည်ထောင်စု အစိုးရ ထောက်ပံ့ငွေ ကျပ် ၁၅ ဘီလီယံ (သန်း တစ်သောင်းခွဲ) ကို သုံးစွဲပြီး ဖြစ်သော်လည်း လိုအပ်ချက်များ ရှိနေဆဲဖြစ်သည်ဟု  ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှုး ဦးမိုးဟိန်းက ပြောသည်။
အဆိုပါ ဘတ်ဂျက်ဖြင့် ၂၀၁၄ -၁၅ ဘဏ္ဍာနှစ်တွင် ရခိုင်ပြည်နယ် လမ်းတံတား၊ဆည်မြောင်းနှင့် ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများအတွက် အသုံးပြုပြီးဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။
ဦးမိုးဟိန်းက "ငွေကုန်ပေမယ့် လိုအပ်ချက်ဆက်ရှိနေပါသေးတယ်၊ အရင်ထက်တော့ အများကြီးကောင်းလာတာ ငြင်းလို့မရပါဘူး" ဟု ဆိုသည်။

ရခိုင်ပြည်နယ် ဒေသတစ်ခုလုံးတွင် လမ်းပန်းဆက်သွယ်ရေး အတွက် အသုံးစားရိတ် ၅၃၉၅.၃၃၈ သန်း၊ တံတားလုပ်ငန်းအတွက် အသုံးပြုငွေကျပ် ၉၇၀.၄၃၂သန်း၊ ပညာရေးလုပ်ငန်းအတွက် အသုံးပြုငွေကျပ် ၁၂၇၄.၅၉၈ သန်း၊ ကျန်းမာရေးလုပ်ငန်းအတွက် အသုံးပြုငွေကျပ် ၁၃၁.၃၀၀သန်း၊ ဆည်မြောင်း တာတမံများ နှင့် ရေအရင်းမြစ်ရရှိရေးအတွက် အသုံးပြုငွေ ၃၇၅၇.၃၈၁ သန်း၊  အခြေခံအဆောက်အအုံနှင့် ဆောက်လုပ်ရေး လုပ်ငန်းများအတွက် အသုံးပြုငွေ ၉၄၆.၄၃၃ သန်း၊ စက်မှုလုပ်ငန်းများ စက်ပစ္စများအတွက် အသုံးပြုငွေ ၂၅၂၄.၆၉၈ သန်းကို သုံးစွဲပြီး ဖြစ်သည်ဟု ပြည်နယ် အစိုးရအဖွဲ့ ရန်ပုံငွေ သုံးစွဲမှုစာရင်းများတွင် ဖော်ပြထားသည်။
ယင်းကဲ့သို့ ပြည်နယ် အစိုးရအဖွဲ့၏ ရံပုံငွေ သုံးစွဲမှုကို ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များက ဝေဖန်လိုက်ပြီး ဒေသ ဖွံဖြိုးရေး ဆောင်ရွက်ချက်များ ပိုမို အသေးစိတ် သိရှိရန်လိုအပ်သည် ဟု ပြောကြားလိုက်သည်။
ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က "မြင်သာထင်သာရှိတဲ့နေရာတွေမှာ လုပ်ပြထားတွေတော့ တွေ့မြင် ရတယ်၊ ကျေးလက်ပြည်သူတွေနဲ့ တကယ်လိုအပ်တဲ့ နေရာတွေအတွက်တော့ ဒီ ၁၅ ဘီလီယံ ဆိုတာ လုံးဝအကျိုးခံစားခွင့် မရှိခဲ့ဘူး"ဟု ဝေဖန်လိုက်သည်။
ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး ရန်ပုံငွေများကို သုံးစွဲရာတွင် လမ်းပန်းဆက်သွယ်ရေးနှင့် တံတားများအတွက် အဓိကအသုံးပြုထားသည်။
၎င်းက "လမ်းပန်းဆက်သွယ်ရေးမှာဆိုရင် စစ်တွေ-ရန်ကုန်-မြောက်ဦး ကားလမ်းကို နှစ်စဉ်ဘတ်ဂျက် တောင်းတယ်၊ မိုးရာသီရောက်ရင် ပြန်ပျက်တာပဲ ရထားတဲ့ ဘတ်ဂျက်က သဲထဲရေသွန်သလိုဖြစ်သွားပြီး ဘဏ္ဍာငွေကို ခွဲဝေသုံးစွဲပြီး လုပ်ငန်းအကောင်အထည်ဖော်တဲ့သူတွေပဲ အကျိုးဖြစ်ထွန်းတာတွေ့တယ်" ဟုလည်း ဆိုသည်။
ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး အတွက် ဘတ်ဂျက်ငွေ ၁၅ ဘီလီယံကို ၀န်ကြီးချုပ် ဦးမောင်မောင်အုန်း အကောင်အထည်ဖော်မည့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် အသုံးပြုရန် ၂၀၁၄ ခုနှစ်တွင် သမ္မတရုံးက တိုက်ရိုက်ချပေးခဲ့ခြင်း ဖြစ်သည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/40509-2015-03-08-09-45-29

0 comments:

Post a Comment

အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်