- လွန်မင်းမန် | Friday, 12 September 2014

ရွေးကောက်ပွဲကော်မရှင်နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများအကြား ရွေးကောက်ပွဲအတွင်း
စောင့်ကြည့် လေ့လာမှုဆိုင်ရာ ကျင့်ဝတ် (Code of Conduct) ကို ရေးဆွဲနေပြီဖြစ်ကြောင်း
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေးက စက်တင်ဘာလ၇ရက်နေ့၊ နိုင်ငံရေး
ပါတီများနှင့် မြန်မာငြိမ်းချမ်းရေးစင်တာတွင် တွေ့ဆုံမှုအပြီး သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြား
လိုက်သည်။
"ကျွန်တော်တို့ကတော့ ရွေးကောက်ပွဲတွေ လိုက်လိုက်ပြီးတော့ Observer တွေလုပ်လုပ်နေပါ
တယ်။ အဲဒီအပေါ် မူတည်ပြီးတော့ ကျွန်တော်တို့ Code of conduct ရေးနေပါတယ်။ မူကြမ်း
လေးတွေ၊ ဒီစနစ်လေးတွေ ဖတ်ပြီး တော့ အခုလာမယ့်အပတ်ထဲမှာ ဆွေးနွေးသွားဖို့ရှိပါတယ်။
လျှို့ဝှက်မဲပေးစနစ်ကို ထိခိုက်စေနိုင်မယ့် ကိစ္စရပ်များကို မလုပ်ပါဘူး" ဟု ၎င်းက ဆိုသည်။
လာမည့် ၂၀၁၅ခုနှစ် ရွေးကောက်ပွဲတွင် ပြည်တွင်းအရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံတကာ
မှ လာရောက်မည့် စောင့်ကြည့်လေ့လာသူများကို ခွင့်ပြုသွားမည်ဖြစ်သည်။ ထို့အပြင် သတင်းမီဒီ
ယာများအနေနှင့် မဲရုံအတွင်းသို့ ၀င်ရောက်နိုင်ခြင်းကို လျှို့ဝှက်မဲပေးစနစ်အား ထိခိုက်စေနိုင်၍
ကန့်သတ်ထားသော်လည်း မဲရုံပြတင်းပေါက်များမှတစ်ဆင့် အပြင်မှနေ၍ ကြည့်ရှုခွင့်ရှိပြီး စောင့်
ကြည့်လေ့လာသူများကိုလည်း လျှို့ဝှက်မဲပေးစနစ်အား အနှောက်အယှက်မဖြစ်စေရန် အတိုင်း
အတာဖြင့်သာ ခွင့်ပြုသွားမည်ဖြစ်သည်။
"ကျွန်တော်တို့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေအနေနဲ့ Code of Conduct တွေကို ကိုယ်တိုင်
ရေးဆွဲမယ်။ လာမယ့်စက်တင်ဘာလအတွင်းမှာ ကော်မရှင်နဲ့ ထပ်မံတွေ့ဆုံတဲ့အခါကျရင် ဒါကို
တင်ပြသွားမှာဖြစ် ပါတယ်။ကော်မရှင်ဘက်ကလည်း ဒါကိုလုပ်နေတယ်လို့ကြားတယ်။ တကယ်
လို့ ကျွန်တော်တို့ ရေးဆွဲထားတဲ့ Code of Conduct ကို လက်မခံဘူး။ သူတို့ကိုယ်တိုင်ဆွဲရမှဖြစ်
မယ်ဆိုရင်လည်း ကျွန်တော်တို့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေအနေနဲ့ ရေးဆွဲတဲ့အခါမှာ
ကျွန်တော်တို့ရဲ့ ကိုယ်စားလှယ်တွေ ပါဝင်နိုင်အောင်လို့ ကော်မရှင်ကို တင်ပြတောင်းဆိုသွားမှာ
ဖြစ်ပါတယ်" ဟု New Myanmar Foundation မှ Program Manager ဦးသန့်စင်က
မြန်မာတိုင်းမ်သို့ ပြောသည်။
မီဒီယာများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများကလည်း မိမိတို့အား ခွင့်ပြုထားသည့် ဘောင်ကို
မကျော်လွန်ရန်နှင့် အထူးသဖြင့် လျှို့ဝှက်မဲပေးစနစ်ကို မထိခိုက်စေရန် လိုအပ်သည်ဟု
ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးဝင်းကြည်က ပြောသည်။
"အခုအားလုံးကိုချိန်ပြီးတော့ ကျွန်တော်တို့နိုင်ငံနဲ့ အကိုက်ညီဆုံးဖြစ်မယ့်ဟာ ရေးဆွဲနေတယ်။
အဲဒီတော့ သူ့စည်းကိုယ့်စည်းပဲ။ မဲရုံမှူးက သူ့လုပ်ပိုင်ခွင့်သူလုပ်မယ်။ မီဒီယာနဲ့ Observer လည်း
ကိုယ့်ဘောင်ကို မကျော်သွားဖို့ဖြစ်တယ်။ ဒါပေမယ့် ဘောင်ကျော်သွားမယ်၊ ထိခိုက်မယ်၊ အနှောင့်
အယှက်ဖြစ်မယ်ဆိုရင်တော့ မဲရုံမှူးကလည်း တားမှာပဲ" ဟု ၎င်းက ပြောသည်။
ယခင်ရွေးကောက်ပွဲများတွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများအား ပြည်ထောင်စုရွေးကောက်
ပွဲကော်မရှင်က စောင့်ကြည့်လေ့လာရေးလုပ်ငန်းစဉ်များကို ခွင့်ပြုခဲ့ခြင်းမရှိသော်လည်း ၂၀၁၄
ခုနှစ် မတ်လတွင်မူ မဲဆန္ဒရှင်စာရင်းဖြည့်သွင်းပြုစုခြင်းဆိုင်ရာရှေ့ပြေးစီမံချက်လုပ်ဆောင်ရန်
ခွင့်ပြုခဲ့သည်။
အဆိုပါရှေ့ပြေးစီမံချက်တွင် မဲဆန္ဒရှင်ပညာပေးခြင်းနှင့် မဲစာရင်းပြုစုခြင်းကို စောင့်ကြည့်လေ့လာ
ခြင်း စသည်တို့ပါဝင်သည်။ ဇွန်လမှဩဂုတ်လအထိ အရပ်ဘက်လူမှုအဖွဲ့အစည်းများ စုပေါင်းပြု
လုပ်ခဲ့ကြသော မဲဆန္ဒရှင်စာရင်းဖြည့်သွင်းပြုစုခြင်းရှေ့ပြေးစီမံချက်အတွင်းကြုံတွေ့ခဲ့ရသည့် စိန်ခေါ်
မှုများနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ အားနည်းချက်များကိုလည်း ၎င်းတို့က ဩဂုတ်လ ၂၉ရက်နေ့
တွင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ကိုယ်စားလှယ်များနှင့် မီကာဆာဟိုတယ်၌ တွေ့ဆုံခဲ့စဉ်
အတွင်း တောင်းဆိုတင်ပြခဲ့ကြောင်း HORNBILL Organization မှ ဒါရိုက်တာ ဦးချန်းလျန်က
ပြောသည်။
ယင်းအပြင် လာမည့် လေးလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲပေးပိုင်ခွင့်ရှိသူစာရင်းကို
ကောက်ခံသွားမည်ဖြစ်ပြီး ယင်းနောက် မဲစာရင်းကို အင်တာနက် website တွင် တင်နိုင်ရန်အထိ
ကြိုးပမ်းသွားမည်ဖြစ်သည်ဟု ဦးတင်အေးက ဆိုသည်။
"ပိုင်းလော့ပရောဂျက်တွေကို ပြန်ပြီးသုံးသပ်ပါတယ်။ သုံးသပ်ပြီးတော့ ကျွန်တော်တို့က အားနည်း
ချက်တွေ သုံးသပ်ပြီးတဲ့နောက်မှာ နောင်မကြာသော နောက် သုံးလေးလနေရင် ကျွန်တော်တို့
တစ်နိုင်ငံလုံးကို မဲစာရင်းတွေ ကောက်ပါမယ်။ ကောက်ပြီးလို့ရှိရင် နောင်ကိုပေါ့ ကျွန်တော့်ရဲ့
အန္တိမရည်မှန်းချက်ကတော့ ကျွန်တော်တို့ရဲ့ website ထဲမှာ ကျွန်တော်တို့ မဲစာရင်းတင်မယ်"
ဟု ၄င်းက ဆိုသည်။
http://myanmar.mmtimes.com/index.php/national-news/11897-2014-09-12-09-11-35.html
 
0 comments:
Post a Comment
အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်