Written by Mizzima News
ထိလွယ်ရှလွယ်သည့် အပစ်အခတ် ရပ်စဲမှု ကတိက၀တ်ကို ထိန်းသိမ်းမည်ဟု
ကရင်မလင်မှ ကတိအတန်တန် ပေးထားသော်လည်း တင့်ကား ၃၀ ကျော် အပါအ၀င် ဟောင်ဝစ်ဇာ
အမြောက်ကြီး များနှင့် ထရပ်ကားများ ပါဝင်သည့် ရုရှား တပ်များသည် ယူကရိန်း
နယ်မြေ အတွင်းသို့ ဖြတ်ကျော် ၀င်ရောက် လာခဲ့ကြကြောင်း ယူကရိန်း စစ်ဘက်မှ
ပြောသည်။
နယ်စပ်ကို ဖြတ်ကျော် ၀င်ရောက်လာသည့် ရုရှား စစ်ယာဉ်တန်း။ ဓာတ်ပုံ - Daily Mail
ယူကရိန်း စစ်ဘက် ပြောရေးဆိုခွင့် ရှိသူ အန်ဒရီ လိုင်ဆန်ကိုက ဟောင်ဝစ်ဇာ အမြောက်ကြီး ၁၆ လက်၊ တင့်ကားများနှင့် လက်နက်ခဲယမ်း များ၊ စစ်သည်များကို တင်ဆောင် ထားသည့် ထရပ်ကား အစီး ၃၀ တို့ အဆိုပါ ရုရှား စစ်ကြောင်းတွင် ပါဝင်လာကြောင်း ပြောခဲ့သည်။ ယင်းသို့ ရုရှား စစ်ယာဉ်တန်း ၀င်ရောက် လာခြင်းမှာ အကြိမ်ကြိမ် ကျိုးပျက်ခဲ့ပြီး ဖြစ်သည့် ရုရှားလိုလားသူ ခွဲထွက်ရေး သမားများနှင့် ယူကရိန်း စစ်တပ်တို့ အကြားရှိ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် အတွက် နောက်ဆုံး ထိုးနှက်ချက် ဖြစ်လာခဲ့သည်။
"ရုရှား ကြေးစား စစ်သားတွေနဲ့ စစ်လက်နက် ပစ္စည်းတွေ တပ်ဖြန့် ချထားမှုကလည်း ဆက်ရှိနေတုန်းပဲ"ဟု လိုင်ဆန်ကိုက ထပ်လောင်း ဆိုခဲ့သည်။ ထို့အပြင် ၎င်းက အပစ်အခတ် ရပ်ဆဲထားစဉ် ကာလအတွင်း နောက်ဆုံး ၂၄ နာရီတွင် ယူကရိန်း စစ်သား ငါးဦး အသတ်ခံရကာ ၁၆ ဦးထိ ဒဏ်ရာရရှိ ထားကြောင်း လည်း ဆိုခဲ့သည်။
လက်ရှိတွင် ယူကရိန်း၏ စွပ်စွဲမှုအတွက် ကရင်မလင် ဘက်မှ မည်သို့မျှ မှတ်ချက်ပေးခြင်း မရှိသေးပဲ အနောက်အုပ်စုများမှ ရုရှားအနေဖြင့် ယူကရိန်း နယ်စပ်တွင် ယင်းတို့၏ အင်အားများကို တပ်ဖြန့်ချထား နေသည် ဟူသည့် အစောပိုင်း စွပ်စွဲမှုကိုမူ ပြန်လည် ငြင်းဆိုထားသည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-10/item/31918-2014-11-07-18-41-56
0 comments:
Post a Comment
အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်