Written by ဖနိဒါ၊ ယုဝေ
ချင်းမိုင် (မဇ္ဈိမ)။ ။ ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ကချင်
လွတ်လပ်ရေးတပ်မတော် (KIA) နှင့် အစိုးရ စစ်တပ်တို့ ဇန်နဝါရီ ၁၆ ရက်
မွန်းလွဲ ၂ နာရီမှစတင်၍ တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်ဟု
ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် (KDNG) မှ တာဝန်ခံ ကိုစာဂျီက ပြောသည်။
“ဒီမနက်ပိုင်းက ဘာမှ မဖြစ်ဘဲနဲ့ ဒီညနေ ၂ နာရီလောက်ကနေ တိုက်ပွဲ ဆက်တိုက်
ပြန်ဖြစ်လာတဲ့သဘောပါပဲ။ အဲဒီ ဥရုချောင်းဖျား ပိုင်း ဂွေခါ၊ နမ်မှော်ဘက်မှာ
တိုက်ပွဲ ပြန်ဖြစ်လာတယ်လို့ ကြားသိရတယ်။ ကေအိုင်အိုက ပြန်ခုခံတဲ့
သဘောဖြစ်နေပြီ။ အခုလည်း (ညနေ ၆နာရီ) ဖြစ်နေတုန်းပဲ” ဟု သူက မဇ္ဈိမကို
ပြောသည်။
ထို့ပြင် ဇန်နဝါရီလ ၁၅ ရက်က နှစ်ဖက် တိုက်ပွဲများ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် အောင်ဘာလေ ခေါ် သန်းခေါင်ရွာတွင် ပိတ်မိနေသည့် ဒေသခံ ၁၀၀၀ ခန့်ကိုလည်း ဇန်နဝါရီလ ၁၆ ရက် ညနေ ၅ နာရီကျော်ချိန်တွင် အစိုးရ စစ်တပ်က လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း ကိုစာဂျီးက ပြောသည်။ ထိုရွာသားများအား ဖားကန့်မြို့မှ ရပ်မိရပ်ဘများနှင့် ဘာသာရေး ခေါင်းဆောင်များက ခေါ်ယူခဲ့သည်ဟု သိရသည်။
“မနေ့က တပ်မတော်ဘက်က ဝင်သိမ်းထားတဲ့ သန်းခေါင်ကျေးရွာ အောင်ဘာလီက လူထုတွေကို အခုပဲ လမ်းဖွင့်ပေးလိုက်လို့ အားလုံး ထွက်ပြေးကုန်ပြီ။ မနေ့က ဘာသာရေးခေါင်းဆောင်တွေ ကယ်ဖို့ ကြိုးစားတယ် ခွင့်မပြုဘူး။ ဖားကန့်ဘက်ကို အားလုံး ဆင်းလို့ရပြီ လို့ ပြောတယ်” ဟု ကိုစာဂျီးက ပြောသည်။
ရွာသားများအား အောင်ဘာလီကျေးရွာမှ ထွက်ခွင့်ပြုလိုက်ခြင်းသည် နှစ်ဖက် စစ်တပ်များ တိုက်ပွဲ ပြင်းထန်မည့် အနေအထားတွင် ရှိနေသည်ဟု ၎င်းက ခန့်မှန်းသည်။ “အဲဒီလို ဆိုရင်တော့ စစ်သားနှစ်ဖက်စလုံး လွတ်လွတ်လပ်လပ် တိုက်တော့မယ်ထင်တယ်။ အခြေအနေက၊ ဖားကန့်နယ်ခံတွေ ပြောသလောက်ဆိုရင် တိုက်ပွဲတော့ ပြင်းထန်မယ့်ပုံရှိနေတယ်"ဟု ကိုစာဂျီးက ပြောသည်။
နှစ်ဖက်တပ်များ နီးနီးကပ်ကပ်ရှိနေသဖြင့် တိုက်ပွဲ ပြင်ထန်မည့် အခြေအနေတွင် ရှိနေသည်ဟု KIA တပ်ရင်း ၆ တပ်ရင်းမှူး ဗိုလ်မှူး တန်ဆိုင်းက ဇန်နဝါရီလ ၁၆ ရက် နံနက် ၁၀ နာရီခန့်က မဇ္ဈိမကို ပြောခဲ့သည်။
ဇန်နဝါရီ ၁၅ ရက် ညကလည်း ဖားကန့်မြို့နယ် လုံးခင်းရဲစခန်းနှင့် မရှိဂထောင်တံတားတွင် ဗုံးနှစ်လုံးပေါက်ကွဲခဲ့ပြီး လူငါးဦးခန့် ဒဏ်ရာရခဲ့သည်။
ထို့ပြင် ဇန်ဝါရီလ ၁၄ ရက်က ကချင်ပြည်နယ် အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူနော် နှင့်အတူ လုံခြုံရေးတပ်ဖွဲ့ သုံးဦးအား KIA တပ်ဖွဲ့များ ထိန်းသိမ်းခဲ့ကာ ဝန်ကြီးကို ချက်ချင်းပြန်လွှတ်ပေးသော်လည်း ရဲတပ်ဖွဲ့ဝင် သုံးဦးကိုမူ ဇန်နဝါရီ ၁၆ရက် ညနေအထိ ထိန်းသိမ်းထားဆဲဖြစ်သည်။ ဖမ်းဆီးခံ ရဲဝန်ထမ်းသုံးဦး လွတ်မြောက်ရေးအတွက် ညှိနှိုင်းနေဆဲ ဖြစ်သည်ဟုလည်း ကချင်ပြည်နယ်လုံခြုံရေး နှင့် နယ်စပ်ရေး ရာဝန်ကြီးဗိုလ်မှူးကြီးသန်းအောင်က ဇန်န၀ါရီလ ၁၆ ရက် ညနေ ၆ နာရီက မဇ္ဈိမကို ပြောသည်။
“အခုထိပြန်လည်လွတ်မြောက် မလာသေးပါဘူး။ ခုထက်ထိတော့ မလွှတ်သေးဘူးပေါ့။ ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး အဖွဲ့ဝင်တွေ ညှိနေဆဲပါပဲ။ နှစ်ဖက်အဖွဲ့တွေပေါ့။ ကေအိုင်အိုနှင့် ကချင် ပြည်နယ်အစိုးရဖွဲ့တို့က ပြန်လွှတ်ဖို့ဆွေးနွေးနေဆဲပါ” ဟု ဗိုလ်မှူးကြီး သန်းအောင်က ပြောသည်။
ကချင်ငြိမ်းချမ်ရေးအကျိုးတော်ဆောင်အဖွဲ့ဝင် ဦးခွန်အောင်ကလည်း “ကေအိုင်အေကတော့ ပြန်လွှတ်ဖို့ အကြောင်းကြားထားတယ်။ သူတို့ရဲ့ အောက်ခြေက လူတွေကို ပြန်လွှတ်ပေးဖို့လည်း အဆင့်သင့်ရှိတယ်။ သွားခေါ်မယ့်လူတွေကို စောင့်နေတဲ့အချိန်မှာ မနက်မိုးမလင်းတလင်းမှာ အမြှောက်တွေနဲ့ ချနေတဲ့အခါကြတော့ ခေါ်မယ့်လူတွေလည်း သွားခေါ်လို့မရဖြစ်နေတဲ့အကြောင်းတော့ သိရတယ်”ဟု မဇ္ဈိမကို ပြောသည်။
ရဲဝန်ထမ်း သုံးဦးကို ဖမ်းဆီးရာမှ အစပြု၍ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း အစိုးရ တပ်မတော်နှင့် ကေအိုင်အေတို့ နှစ်ရက်ကြာ တိုက်ပွဲ ပြင်းထန်နေခြင်း ဖြစ်သည်။
ဇန်နဝါရီ ၁၂ ရက် နှင့် ၁၃ရက်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်နှင့် ကွတ်ခိုင်မြို့နယ်အကြား ကေအိုင်အေ၏ တပ်မဟာ ၄ လက်အောင်ခံ တပ်များနှင့် အစိုးရ တပ်မတော်တို့ ၂၀၁၅ခုနှစ်တွင် ပထမဆုံးအကြိမ် တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။
၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၈ရက်ကမူ ၂၀၁၄ ခုနှစ်အတွက် နောက်ဆုံးတိုက်ပွဲအဖြစ် ကချင်ပြည်နယ် ကားမိုင်းမြို့နယ်တွင် ဖြစ်ပွား ခဲ့ပြီး ကေအိုင်အေ တပ်စခန်းတစ်ခု မီးရှို့ခံခဲ့ရသည်ဟုလည်း ဆိုသည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/37183-2015-01-16-12-53-15

0 comments:
Post a Comment
အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်