ေ
    ချင်းမိုင် (မဇ္ဈိမ) ။ ။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ တပ်မဟာ ၂ 
လက်အောက်ခံ တပ်ရင်း ၆ တပ်နှင့် အစိုးရ စစ်တပ်တို့ ဇန်နဝါရီလ ၁၅ ရက် နံနက် ၆
 နာရီခွဲမှ ယခု သတင်းမေးမြန်းသည့် ၁၀ နာရီချိန်ထိ တိုက်ပွဲ 
ပြင်းပြင်းထန်ထန်ဖြစ်ပွားနေသည်ဟု KIA တပ်ရင်း ၆ မှ ဗိုလ်မှူး တန်ဆိုင်းက 
မဇ္ဈိမကို ပြောသည်။
   
“တိုက်ပွဲဖြစ်နေပြီး ဒီမနက် ၆ နာရီခွဲကနေစဖြစ်တာ။ အောင်ဘာလီရွာဘက် 
ဝင်လာလို့ တိုက်ပွဲ ဖြစ်တာလား၊ တပ်ရင်း ၃ ရင်းရှိတယ်။ ကျွန်တော်တို့က 
ဒီမနက်ကနေ ခုထိခုခံတိုက်ခိုက်နေပါတယ်။ အစိုးရ စစ်တပ်က လက်နက်ကြီး ၅၀၊ ၆၀ 
ကြိမ်လောက် ပစ်ပြီ၊ ခုထိ တိုက်ပွဲဖြစ်နေတုန်းဘဲ”ဟု သူက ပြောသည်။အစိုးရ၏ စစ်တပ် ခမရ ၃၅ ၊ ခမရ ၁ အပါအဝင် တပ်ရင်း ၃ ရင်းမှ အင်အား ၂၀၀ ကျော်ခန့် ဇန်နဝါရီလ ၁၄ ရက် ညပိုင်းမှစတင်၍ ထိုးစစ်တင်လာသဖြင့် တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့ရာ ယနေ့ နံနက်ပိုင်းတွင် အစိုးရ စစ်တပ်က ၈၁ မမ၊ ၁၀၅ မမ လက်နက်ကြီးများဖြင့် အကြိမ်ပေါင်း ၅၀ ကျော်ထိ ပစ်ခတ်ခဲ့ပြီး ဖြစ်ကြောင်း ဗိုလ်မှူး တန်ဆိုင်းက ဆက်ပြောသည်။
ဇန်ဝါရီလ ၁၄ ရက်က မိုးကောင်း-ကာမိုင်း-ဖားကန့် လမ်းကို သွားရောက် စစ်ဆေးကြည့်ရှုသည့် ကချင်ပြည်နယ် အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူနော် နှင့်အတူ လမ်းကြေင်းတွင် လိုက်ပါသွားသည့် လုံခြုံရေးတပ်ဖွဲ့ သုံးဦးအား ဖားကန့်မြို့ ဟွေလုံလမ်းပိုင်းတွင် ထိန်းသိမ်းခဲ့ပြီး ဝန်ကြီးအား ချက်ချင်းပြန်လွှတ်ပေးသော်လည်း ရဲသုံးဦးကို ဖမ်းဆီးထားဆဲဖြစ်သည်။
ထိုရဲဝန်ထမ်းများကို ယနေ့ (ဇန်နဝါရီ ၁၅ရက်) နံနက်တွင် ပြန်လည် လွတ်ပေးမည်ဟု ကချင်ပြည်နယ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် ဖားကန့် တပ်မမှူးများထံသို့ ညတွင်းချင်း အကြောင်းကြားထားပြီး ဖြစ်သော်လည်း ယနေ့ နံနက်တွင် အစိုးရ စစ်တပ်က ထိုးစစ်စဉ်တိုက်ခိုက်ခဲ့သည်ဟု ဗိုလ်မှူးတန်ဆိုင်းက ပြောသည်။
“ကျွန်တော်တို့အဖွဲ့တွေ မမျှော်လင့်ဘဲ ထိပ်တိုက်တွေ့လို့ ဖြစ်တာပါ။ တမင်တကာ ရည်ရွယ်ပြီး ဖမ်းတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဖြတ်တဲ့အချိန်နဲ့ သူတို့ ကားလည်း ဖြတ်သွားတော့ ကားရပ်လိုက်တဲ့အခါ ရဲတွေ ပါနေလို့ ထိန်းလိုက်တာပါ၊ ကျွန်တော်တို့ မနေ့က မိုးအရမ်းချုပ်လို့ ဒီမနက်မှ လွှတ်ပေးမယ်လို့ ပြောထားတာ။ သူတို့အစိုးရ စစ်တပ်က ကျွန်တော်တို့ကိုလာတိုက်တာ”ဟု သူက ပြောသည်။
ကေအိုင်အေက ရဲသုံးဦးကို ဖမ်းဆီးထားခြင်းကြောင့် ပြန်လည်လွှတ်ပေးရန် ကေအိုင်အို၏ နည်းပညာအထောက်အကူပြု အဖွဲ့ နှင့် ပဋိပက္ခ ညှိနှိုင်းရေး ရုံးကိုများ အကြာင်းကြားထားပြီး နယ်မြေရှင်းလင်းရေး လုပ်ငန်းများ လုပ်ဆောင်နေသည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၄ရက်က ထုတ်ပြန်ထားသည်။
လက်ရှိ အစိုးရ လုံခြုံရေးတပ်ဖွဲ့ သုံးဦးအား ဖားကန့်မြို့နယ် ဂွေခါတွင် အခြေချထားသော KIA ၏ တပ်ရင်း ၆ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့များနှင့်အတူ ရှိနေသည်ဟု သူက ဆိုသည်။ ၎င်းတို့ သုံးဦးအား KIA ဗဟိုမှ ညွန်ကြားချက်ရပါက ပြန်လည် လွှတ်ပေးလိုက်မည် ဖြစ်ကြောင်း သူက ဆိုသည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/37081-2015-01-15-04-50-04
 
0 comments:
Post a Comment
အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်