AWU ရုံးမှ လူပ်ရှားမူ ဓါတ်ပုံအချို့များကို တင်ပြထားပါသည်။

Monday, March 9, 2015

ရခိုင် ပါတီသစ်ထူထောင်ခြင်း ဂျပန် ALD ပါတီဝင်ဟောင်းများကန့်ကွက်


မတ်လ ၈
ALD-EXILE-JAPAN
ရခိုင်ပါတီသစ်ထူထောင်ခြင်းကို ဂျပန်နိုင်ငံရှိ ALD ပါတီဝင်ဟောင်းများက ကျေညာထုတ်ပြီး ကန့်ကွက်လိုက်သည်။

ကျေညာချက်ထဲတွင် ၂၀၁၂ ခုနှစ်တွင် ရခိုင်ဒီမိုကစီအဖွဲ့ချုပ် ပြန်လည်မှတ်ပုံတင်ပြီး ပါတီပြန်လည် ဖွဲ့စည်းသောအခါ ရခိုင်တိုင်ရင်းသားများတိုးတက် ရေးပါတီနှင့်ပူးပေါင်းပြီး ရခိုင်တမျိုးသားလုံးအား ကိုယ်စားပြု နိုင်ငံရေးအဖွဲ့အစည်း တစ်ခုထူထောင်ကြရန် မိမိတို့ရခိုင်ဒီမို ကရေစီအဖွဲ့ချုပ် (ပြည်ပ-ဂျပန်) မှ အစဉ်တစိုက်တောင်းဆိုခဲ့ကြောင်း၊  နှစ်ပါတီ ပေါင်းစည်း၍ ရခိုင်အမျိုးသားပါတီ ဖြစ်လာသောအခါ   ရခိုင်အမျိုးသားပါတီ(ပြည်ပ-ဂျပန်) အမည်  သုံးစွဲရန် စဉ်းစား ခဲ့ပါကြောင်း၊ သို့သော် ရခိုင်အမျိုးသားပါတီ(ပြည် ပ-ဂျပန်) အမည်သုံးစွဲလျှင် နိုင်ငံရေးပါတီများ ထူထောင်ခွင့် ဥပဒေနှင့်   ငြိစွန်းနိုင်သဖြင့် ရခိုင်ဒီမိုကရေစီ  အဖွဲ့ချုပ်(ပြည်ပ-ဂျပန်) အမည်ကို ဆက်လက် သုံးစွဲခဲ့ခြင်းဖြစ်ပါကြောင်း၊ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ-ဂျပန်)ဟု လက်ရှိ အချိန်ထိ ခေါ်ဆိုသုံးစွဲနေသော်လည်း မည့်သည့်ပုဂ္ဂိုလ်၊ မည့်သည့် အဖွဲ့အစည်း အကျိုးအတွက်  ရပ်တည်ခြင်းမဟုတ်ဘဲ  ရခိုင်တမျိုးသားလုံး၏  အကျိုးစီးပွား   အတွက် ရပ်တည်နေသော  အဖွဲ့အစည်းဖြစ်ပါကြောင်း ဦးစွာဖော်ပြသည်။
၁၆- ၂- ၂၀၁၅ နေ့မှစ၍ ANP ပါတီဝင်အချို့သည် ပါတီမှ နုတ်ထွက်ကြပြီး ပါတီသစ် ထူထောင်ရန် လုပ်ဆောင် နေကြောင်း သိရှိရပါသဖြင့် ဤလုပ်ရပ်ကိုများစွာစိတ်ပျက်မိပါကြောင်း၊ မိမိတို့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ပြည်ပ-ဂျပန်) မှ လုံးဝကန့်ကွက်ပါကြောင်း၊ ယခုအချိန်သည် ရခိုင်နိုင်ငံရေး ပါတီသစ်  စင်ပြိုင်ထောင်ရမည့် အချိန် မဟုတ် ပါကြောင်း၊ ရခိုင် တမျိုးသားလုံး  သွေးစည်းညီညွတ်ရမည့် အချိန်ဖြစ်ပါကြောင်း၊ ရခိုင်နိုင်ငံရေး ပါတီသစ် စင်ပြိုင်ထောင်ခြင်းသည် ရခိုင်လူမျိုးများအတွင်း  စိတ်ဝမ်းကွဲစေပါကြောင်း၊ ယင်းပြင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားများကို ကိုယ်စားမပြုသော ပါတီများ၊ လူမျိုးခြား၊ဘာသာခြားပါတီများ  မဲရရှိစေအောင် ဖန်တီးပေးသော လုပ်ရပ်ဖြစ်ပါကြောင်း၊ သို့အတွက် ယခုပါတီသစ် ထူထောင်သူများကို ရခိုင်အမျိုးသားသစ္စာ ဖောက်များအဖြစ်  သတ်မှတ်ရမည် ဖြစ်ပါကြောင်း  ဖော်ပြပါရှိသည်။
ယင်းပြင် ရခိုင်အမျိုးသားပါတီ၏  ပထမအကြိမ်ညီလာခံမှ ဗဟိုကော်မတီများရွေးကောက်တင်မြှောက်ခြင်းနှင့်  ပါတီလုပ်ငန်းစဉ် ရေးဆွဲခြင်းများသည်  ဒီမိုကရေစီနည်းအတိုင်း လုပ်ဆောင်ခြင်းဖြစ်သော်လည်း၊ ရခိုင်တမျိုးသားလုံး တောင့်တနေသော  ညီညွတ်မူတည်ဆောက်ရေးပုံစံ မဟုတ်သောကြောင့်  ၂၀၁၅ ခုနှစ်  မတ်လတွင် ကျင်းပမည့် ရခိုင်အမျိုးသားပါတီ၏ ဗဟိုမျက်နှာစုံညီအစည်းအဝေးတွင် ညှိနှိုင်းအဖြေရှာကြရန်  လက်ရှိ တာဝန် ထမ်းဆောင်နေကြသော ဗဟိုအလုပ်အမှု ဆောင်များအား  အလေးအနက် တိုက်တွန်း အပ်ပါကြောင်း ဖော်ပြထားသည်။
နောက်ဆုံး အနေဖြင့် ရခိုင်အမျိုးသားပါတီ  မပြိုကွဲစေရန်နှင့် ရခိုင်နိုင်ငံရေးပါတီသစ် မပေါ်ထွန်းလာစေရေးအတွက်   ပြည်တွင်း ပြည်ပရှိ ရခိုင်အဖွဲ့အစည်းများနှင့်  ရခိုင်ပြည်သူများ  သမိုင်းပေးတာဝန်အရ  ဝိုင်းဝန်းထိန်းသိမ်းပေးကြရန်  နိုးဆော်အပ်ပါကြောင်း ဖော်ပြထားသည်။
ယခုကျေညာချက်အား ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ပြုလုပ်သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်) အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ထုတ်ပြန်ခြင်း ဖြစ်ကြောင်း အဖွဲ့၏ အထွေထွေ အတွင်းရေးမှူး ဦးကျော်သန်းလိုင်က နိရဉ္စရာသို့ ပြောဆိုသည်။
ဆက်သွယ်မေးမြန်းလိုသူများသည် ဦးခင်မောင်ထွန်း (ဥက္ကဌ)  ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ပြည်ပ-ဂျပန်)  ဖုန်း ၈၁- ၈၀၅၀၈၉၇၅၆၆  သို့လည်းကောင်း၊ ကိုကျော်သန်းလှိုင်    အထွေထွေအတွင်းရေးမှူး၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်)  ဖုန်း ၈၁- ၉၀၄၂၉၆၃၄၉၀ သို့လည်းကောင်း ဆက်သွယ်နိုင်ကြောင်း ကျေညာချက်တွင် ဖော်ပြထားသည်။
http://www.narinjara.com/burmese/?p=13889

0 comments:

Post a Comment

အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်