AWU ရုံးမှ လူပ်ရှားမူ ဓါတ်ပုံအချို့များကို တင်ပြထားပါသည်။

Saturday, March 7, 2015

လက်ပတ်အနီမြင်ရင် သမီးကြောက်တယ်



ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်က မခင်နှင်းဦးက အီးမေးလ်နဲ့ ရေးသား ပေးပို့လာတဲ့ စာကို မဇ္ဈိမ စာဖတ်သူကဏ္ဍက လက်ခံရရှိခဲ့ပါတယ်။ သူ့စာထဲမှာ ရေးထားတာကတော့ ရန်ကုန်မြို့လယ်ကောင်မှာ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ကျောင်းသားတွေကို လက်မှာ တာဝန်လက်ပတ်အနီပတ် ထားတဲ့ အရပ်ဝတ် ဝတ်ထားသူတွေက ရိုက်နှက်ဖြိုခွင်းဖမ်းဆီးတာကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့သူ တစ်ယောက်ရဲ့ အမြင်နဲ့ ခံစားရမှုကို ရေးသားပေးပို့ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနေ့က သူအလုပ်ကအပြန်နေ့စဉ်ဖြတ်သွားနေကျ မြို့တော်ခန်းမရှေ့အရောက်မှာ မဟာဗန္ဓုလ ပန်းခြံဘက် အခြမ်းကနေ ကျောင်းသား၊ ကျောင်းသူ ၅၀ ကျော်က ဆန္ဒပြကြွေးကြော်ပြီး ဟောပြောနေတာတွေ့ လို့ရပ်ကြည့်နေခိုက်မှာပဲ လက်ပတ်အနီဝတ်ထားတဲ့ အရပ်ဝတ်များက ရဲများရှေ့မှာ ကျောင်းသားတွေကို စတင် ထိုးကြိတ်လို့ ရုန်းရင်းဆန်ခတ်ဖြစ်သွားပြီး ကျောင်းသားလူရွယ်အချို့ကို ဒိုင်နာကားပေါ်ဖမ်းဆီးခေါ်ဆောင်သွား တာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီဖြစ်ရပ်ကို ကိုယ်တွေ့မြင်ရတဲ့ ပြည်သူတစ်ယောက်အနေနဲ့ ကျောင်းသားတွေအေးချမ်းစွာ ဆန္ဒပြနေတာကို အင်အားသုံးပြီး နှိမ်နင်းတာမလုပ်သင့်ဘူးလို့ပြောပါတယ်။ ဆန္ဒပြကျောင်းသားတွေအနေနဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ရှိရမှာဖြစ်သလို အစိုးရအနေနဲ့လည်း အေးချမ်းစွာ ဆွေးနွေးဖြေရှင်းပေးသင့်ပါ တယ်လို့ ဆိုပါတယ်။
သတင်းစာ၊ ဂျာနယ်နဲ့ ရုပ်မြင်သံကြားတွေမှာ ဖတ်ရကြားရတဲ့ အရပ်ဝတ်လူငယ်တွေကို တာဝန်စာတမ်းနဲ့ လက်ပတ်အနီပတ်ပေးပြီး အင်အားသုံးဖြိုခွဲခဲ့တာကို တာဝန်ရှိသူတွေက ဥပဒေအရ တရားဝင် သလို ပြောနေကြတာက မဟုတ်သေးပါဘူး။
နိုင်ငံကာကွယ်ရေးအတွက် စစ်တပ်ရှိသလို၊ လုံခြုံရေးအတွက် ရဲတွေရှိနေတာပဲ။ အရပ်ဝတ်လူငယ် တွေကို ကြားခံလုံခြုံရေးအတွက် သုံးခဲ့တာဟာ နိုင်ငံတကာရဲတပ်ဖွဲ့စံတွေနဲ့လည်း မကိုက်ညီဘူးလို့ ပြောပါတယ်။ ပိုပြီးအရုပ်ဆိုးတာက အမျိုးသမီးငယ်လေးတွေကို အရပ်ဝတ်လူငယ် တွေက အတင်းအဓမ္မ ကြမ်းတမ်းစွာ ချုပ်နှောင်ပြီး ဖမ်းဆီးခဲ့တာပါပဲ။ စိတ်ထဲမှာ ဘယ်လိုလူတွေကများ ဒီလိုမျိုးလုပ်ဖို့ ညွှန်ကြားခဲ့ တယ်ဆိုတာ မတွေးတတ်အောင်ဖြစ်ရပြီး ဒီလိုမျိုးဖြစ်ရပ်ဟာသမိုင်းမှာ အကျည်းတန်တဲ့ လုပ်ရပ်တစ်ခု ဖြစ်သွား တာကို တွေးမိပြီး နိုင်ငံအရေး ရင်လေးမိပါတယ်။
ဒီလိုသာဆိုရင် လက်မောင်းမှာ တာဝန်ဆိုတဲ့ အနီပတ်လိုက်တာနဲ့ နိုင်ငံလုံခြုံရေးအတွက် တာဝန်ရှိတဲ့ သူလို့ မှတ်ယူရမှာလားလို့ တာဝန်ရှိသူတွေကို မေးချင်ပါတယ်။ တကယ်တော့ လက်ပတ်အနီနဲ့ အရပ်သားတွေ က ဆန္ဒပြသူကျောင်းသားတွေကို အကြမ်းဖက်ဖြိုခွင်းတာက ဥပဒေနဲ့ ဆန့်ကျင်နေတာမြင်ခဲ့မိတာနဲ့ သူတို့ရုံးမှာ လက်ပတ်အနီပတ်ထားတဲ့ မြင်နေကျလုံခြုံရေးဦးလေးကြီးကို မြင်ရင်တောင် ကြောက်လန့်သွားမိတတ်တာ ကြောင့် ကျွန်မလိုပဲ အမျိုးသမီးတွေ လက်ပတ်အနီမြင်ရင်ကြောက်နေရတဲ့ ခံစားမှုမျိုးမဖြစ်စေချင်လို့ တာဝန်ရှိ သူများအနေနဲ့ စဉ်းစားပြီးမှ ဆောင်ရွက်ကြပါလို့ အကြံပေးချင်တာကြောင့် ဒီစာကို ရေးမိပါတယ်လို့ ရေးလာတဲ့ စာကို ဖော်ပြလိုက်ပါတယ်။
http://www.mizzimaburmese.com/2013-10-20-17-18-22/2013-10-20-16-34-57/item/40416-2015-03-07-05-15-22

0 comments:

Post a Comment

အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်