AWU ရုံးမှ လူပ်ရှားမူ ဓါတ်ပုံအချို့များကို တင်ပြထားပါသည်။

Saturday, March 7, 2015

အမျိုးသားပညာရေး ဥပဒေကိစ္စ ဥပဒေကြမ်းကော်မတီနှင့် ပါတီ ၁၅ ပါတီတို့ စတင်ဆွေးနွေး


Written by  ဝင်းကိုကိုလတ်

နေပြည်တော် (မဇ္ဈိမ)။ ။ ကျောင်းသားများနှင့် NNER တို့က ပြန်လည်ပြင်ဆင်ပေးရန် တောင်းဆိုထားသည့် အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်ရန်ကိစ္စကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီနှင့် နိုင်ငံရေးပါတီ ၁၅ ပါတီတို့ ယနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမတွင် စတင်ဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံရှိ မှတ်ပုံတင်ပြီး နိုင်ငံရေးပါတီ ၇၁ ပါတီအနက် မတ်လ ၆ ရက်က ၁၇ ပါတီကို ဖိတ်ကြားထား သော်လည်း ၁၅ ပါတီတက်ရောက်ခဲ့ပြီး အများစုက အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအားအကြံပြုရာတွင် ပညာရေးဘက်ဂျတ်၊ ဆရာ၊ ဆရာမများအား ကျောင်းသားများက အကဲဖြတ်သည့်ကိစ္စ၊ တိုင်းရင်းသားဘာသာစကားကိစ္စ၊ တက္ကသိုလ်ဝင်တန်းအောင်သူများကို
တက္ကသိုလ်ဝင်ခွင့် ကိစ္စများ၊ ကျောင်းသားသမဂဆိုင်ရာများအား အဓိကထား ဆွေးနွေးခဲ့သည်ကို တွေ့ရသည်။
ပညာရေးဘက်ဂျတ်ကို ငါးနှစ်အတွင်း နိုင်ငံတော်ဘက်ဂျတ်၏ ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲရန်ကိစ္စကို တက်ရောက်လာသည့် ပါတီအများစုက ထောက်ခံခဲ့ပြီးပညာရေးတွင် အသုံးစရိတ်သုံးခြင်းအား နိုင်ငံအတွက် ရင်းနှီးမြှုပ်နှံခြင်းဟုယူဆသင့်သည်ဟု ပါတီအများစုက ဆိုသည်။
ကယန်းအမျိုးသားပါတီမှ ဗဟိုအလုပ်အမှုဆောင် ဒေါ်နော်အိန်ဂျဲလ်လာသောင်းက ‘‘ပြည်သူ့ အကျိုးကိုရှေ့ရှုမည်ဆိုလျှင် တိုင်းပြည်၏ဘဏ္ဍာငွေကို ပြည်သူ့ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတွင် ပိုမိုသုံးစွဲသင့်ပါတယ်’’ ဟု ဆိုသည်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဒေါ်တင်နွယ်ဦးကမူ ‘‘ကျွန်မတို့နိုင်ငံရဲ့ ပညာရေး အသုံးစရိတ်က ပညာရေး ဝန်ကြီးဌာန လက်အောက်မှာမပါတဲ့ တခြားဝန်ကြီးဌာနတွေရဲ့ တက္ကသိုလ်တွေ၊ သက်မွေးပညာတွေပါ ထည့်ရင် ၉ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်းနီးပါးတော့ရှိပါတယ်’’ ဟု ဆိုသည်။
ကျောင်းသားများသည် ပညာရေးဘက်ဂျက်ကို ၂၀ ရာခိုင်နှုန်းအထိ တောင်းဆိုသော်လည်း ဘက်ဂျတ်လွတ်လပ်ခွင့်ရှိရမည်ဆိုသည်မှာ ဥပဒေအရ contrary (ဆန့်ကျင်ဘက်) ဖြစ်နေသည်ဟု ဝေဖန်သည်။ ကျောင်းသားများက ဆရာ၊ ဆရာမများအား အကဲဖြတ်သည့်ကိစ္စတွင် ပေါင်းသင်းဆက်ဆံရေး၊ ပညာအရည်အချင်း၊ ၀တ်စားဆင်ယင်မှုစသည်ဖြင့် မည်သည့်အရာကို အကဲဖြတ်မည်ကို သိရှိရန် လိုအပ်မည်ဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှုအရလည်း မဖြစ်သင့်ကြောင်း တက်ရောက်လာသူအချို့က ဝေဖန်သည်။
တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးပါက ကြိုက်သည့်တက္ကသိုလ်လျှောက်ထားရာတွင် အထူးပြုသည့် တက္ကသိုလ်၌ သင်ကြားမည့် ဘာသာရပ်များတွင် အနည်းဆုံးရှိသင့်သည့် ရမှတ်များ သတ်မှတ်သင့်သည်ဟုလည်း ဆိုသည်။
မြန်မာဘာသာစကား နားမလည်သေးသော တိုင်းရင်းသားဒေသများတွင် မိခင်ဘာသာစကားဖြင့် သင်ကြားပေးခြင်းကို ပါတီအချို့က ထောက်ခံသော်လည်း ပါတီအချို့ကမူ မိခင်ဘာသာစကားဆိုသည်ထက် တိုင်းရင်းသားဘာသာစကားဟုသာ သုံးနှုန်းသင့်သည်ဟု ဆိုသည်။
ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ‘’မိခင်ဘာသာ စကားဆိုတဲ့အသုံးက နောက်ဆို ရှုပ်ထွေးလာနိုင်တဲ့အတွက် တိုင်းရင်းသားဘာသာ စကားဆိုပြီးသာ သုံးသင့်ပါတယ်’’ ဟု ပြောသည်။
ကရင်ပြည်သူ့ပါတီမှ ဗဟိုကော်မတီဝင် ဦးစောမောင်တုတ်ကမူ တိုင်းရင်းသားဘာသာစကားများကို ထိရောက်စွာသင်ကြားနိုင်ရေးအတွက် တိုင်းရင်းသားရေးရာကျောင်းများ သတ်မှတ်သင်ကြားနိုင်ရေးကို ဥပဒေပြဋ္ဌာန်းသင်ကြားသင့်သည်ဟု ဆိုသည်။
ကျောင်းသားသမဂ္ဂများဖွဲ့စည်းခွင့် ထောက်ခံသူများသော်လည်း ကျောင်းသားများအတွင်း ပါတီတစ်ခု သို့မဟုတ် အဖွဲ့တစ်ခု သို့မဟုတ် အစိုးရ၏သြဇာခံမဖြစ်သင့်ဘဲ စစ်မှန်သော ကျောင်းသားများဖြင့်သာ ဖွဲ့စည်းသင့်ရုံသာမက ဆရာ၊ ဆရာမများကို နှစ်သက်သည့်ပါတီဝင်စေခြင်းသည်ဟု မဖြစ်သင့်ဟု ဝေဖန်ကြသည်။ ဒေါ်တင်နွယ်ဦးက ‘‘ဆရာ၊ ဆရာမတွေက ၀န်ထမ်းစည်းကမ်းအရလည်း ပါတီဝင်ခွင့်မရှိပါဘူး။ ပညာရေးလောကကို နိုင်ငံရေးအရောင်မဆိုးသင့်ပါဘူး’’ ဟု ဆိုသည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/40390-2015-03-07-01-45-45

0 comments:

Post a Comment

အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်