ဟိန်းကိုစိုး
ရန်ကုန် မတ် ၂
လွန်ခဲ့သည့် ၁ဝ နှစ်ကျော် ၂ဝဝ၃ ခုနှစ် (အနီးကပ်ဆုံးခန့်မှန်းချက်)မှာ သင်္ဃန်းကျွန်းမြို့နယ် အမှတ်(၁) အခြေခံပညာကျောင်းရဲ့ မာဒီမီဒီယာခန်းဖွင့်ပွဲကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးကောင်စီ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်က တက်ရောက်ပြီး ဖွင့်လှစ်ပေးခဲ့ပါတယ်။ အဲဒီအချိန် ကျောင်းတက်တိုင်း နံရံကပ်စာစောင် မှာ ဖွင့်ပွဲတက်ရောက်ခဲ့တဲ့ ဓာတ်ပုံတွေကို ကြည့်မိတိုင်း အားကျခဲ့ရသူ ခေါင်းဆောင်တစ်ဦးအဖြစ် စိတ်ထဲမှာ စွဲနေခဲ့ပါသည်။
ယခုအချိန်မှာတော့ နယ်အိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာရသူ ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့် အဖြစ် ရပ်တည်နေရပါပြီ။ ၎င်းနေအိမ်အကျယ်ချုပ် လွတ်မြောက်ပြီး သုံးနှစ်ခန့်အကြာ တပ်မတော်အတွင်း ထိပ်သီးစစ်ခေါင်းဆောင်များ၊ အတိုက်အခံခေါင်းဆောင်များနှင့် ဘဝဖြတ်သန်းခဲ့ပုံ၊ ဘဝဇာတ်ကြောင်းများ ကိုယ်တိုင်ရေးစာအုပ်တစ်အုပ်ကို ဦးခင်ညွန့်ကရေးသားပြီး ပန်းမျိုးတစ်ရာစာပေက ၂ဝ၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ အတွင်း ထုတ်ဝေခဲ့သည်။
"အစ်ကိုကြီး ကျွန်တော်တို့ အဖေကြီးနဲ့တွေ့ဖို့ လာချင်တယ်၊ ဘယ်အချိန်ဘယ်ကိုလာရမလဲ၊ တိုင်းပြည်အတွက် အရေးကြီးအခြေအနေကြောင့် အမြန်ပဲလာချင်ပါတယ်" ယင်းက ဦးခင်ညွန်၏ ကြုံတွေ့ခဲ့ရ ကျွန်တော့်ဘဝ အထွေထွေ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ စာအုပ် အခန်း ၆ တပ်မတော်အာဏာသိမ်းခြင်းမဟုတ်၊ ပြည်သူများ၏ ဘဝလုံခြုံမှု ပြုလုပ်ပေးခြင်းသာဖြစ်သည်ဟုဆိုသည့် အခန်းမှဖြစ်သည်။

ယင်းအခန်းတွင် ဒီမိုကရေစီအရေးတောင်းဆိုနေကြသည့် ၁၉၈၈ ခုနှစ် အာဏာရှင်စနစ်တော်လှန်းရေးအချိန် အတွင်း နိုင်ငံကို ရှေ့ဆက်ကိုင်တွယ်နိုင်ဖို့ လမ်းစဉ်ပါတီဥက္ကဋ္ဌကြီး ဦးနေဝင်း တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ် ကြီးစောမောင်နှင့် ဗိုလ်မှူးချုပ် ခင်ညွန့်တို့က ဦးနေဝင်း၏ လူယုံတော် ဦးဆက်ထွန်းထံ ဆက်သွယ်ခဲ့ခြင်း ဖြစ်သည်။
ယင်းအချိန်သည် ၁၉၈၈ အရေးခင်းအတွင်း တပ်မတော်က အာဏာသိမ်းရန် တစ်ရက်အလိုဖြစ်သည့် စက်တင်ဘာ ၁၆ ရက် ည ၆ နာရီနှင့် ၇ နာရီအကြားတွင် ဖြစ်သည်။ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်(မှော်ဝန်းသားဦးခင်ညွန့်) ကိုယ်တိုင်ရေးသားထားသည့် "ကြုံတွေ့ခဲ့ရ ကျွန်တော့် ဘဝ အထွေထွေ" စာအုပ်မှ တပ်မတော်ခေါင်းဆောင်၊ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ချုပ်ကြီးနေဝင်းအပေါ် အဖေကြီး ဟု ခေါ်ဝေါ်သုံးနှုန်းထားခြင်းဖြစ်ပြီး ၁၉၈၈ စက်တင်ဘာ ၁၆ ရက်က အဖြစ်အပျက် ဖြစ်သည်။ ဦးခင်ညွန့်က ၎င်းတပ်မတော်အတွင်း ဝင်ရောက်ခဲ့သည့် အချိန်ကစပြီး နေအိမ်အကျယ်ချုပ်မတိုင်မီ တာဝန်ထမ်းဆောင်ခဲ့မှု များကို အခန်းအဆက်ဆက်ဖြင့် ရေးသားထားသည်။
မြန်မာနိုင်ငံတွင် အကောင်းသော်လည်းကောင်း၊ အဆိုးသော်လည်းကောင်း နည်းမျိုးစုံဖြင့်ကျော်ကြားခဲ့သူ၊ တပ်မတော်ထိပ်တန်း အဆင့် ဗိုလ်ချုပ်ကြီးများအကြောင်းနှင့် ၎င်းတို့နှင့် လက်တွဲဆောင်ရွက်ခဲ့ပုံတို့ကို စိတ်ဝင်စားဖွယ်ဖော်ပြထားသည်။
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် နံပါတ် ၁ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့် ဦးခင်ညွှန့်တို့က အလွန်နီးကပ်သည့် ညီအစ်ကိုပမာဆက်ဆံရေးရှိခဲ့ကြသည်။ နှစ်ဦး နီးနီးကပ်ကပ်နေနိုင်အောင်ပင် မရမ်းကုန်း အေဝမ်းခြံနောက်၌ပင် ခြံတစ်ခြံဝယ်ကာ ဦးခင်ညွန့်က နေထိုင်ခဲ့ သည်။
"ဗိုလ်ချုပ်မှူးကြီးက ကျွန်တော့်အပေါ် ယုံကြည်မှု၊ ချစ်ခင်ရင်းနှီးမှုရှိနေတာကို ယုံကြည်ပါသည်။ ကျွန်တော့်ကို အရေးယူရာတွင် ဗိုလ်ချုပ်မှူးကြီးသဘောတစ်ခုတည်းနဲ့မဖြစ်နိုင်၊ ရှိရင်းစွဲသဘောထားကို ယိမ်းယိုင်အောင် ဘေးတီးပေးသည့် ပုဂ္ဂိုလ်များ၊ ဝိုင်းဖန်တီးကြသည့် ပုဂ္ဂိုလ်များရှိနေတာ သိရှိရပေမယ့် ဘယ်သူဘယ်ဝါဆိုတာကို ဖော်ပြမပြောလိုပါ၊ ကာယကံရှင်များကိုယ်တိုင်ကတော့ အသိဆုံးဖြစ်မှာပါ"ဟု ဦးခင်ညွန့်က အရေးယူခံခဲ့ရသည့် တိုင် ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေနှင့် အရင်းနှီးဆုံးဆက်ဆံရေးရှိခဲ့ပုံကို ဖော်ညွှန်းရေးသားထားသည်။
အကျယ်ချုပ်အဖမ်းခံခဲ့ရသည့်တိုင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပေါ် အယုံအကြည်မမဲ့၊ ဘေးစကားများကြောင့် သာ ဖြစ်ပေါ်ခဲ့ရသည်ဟု ယုံကြည်နေပြီး "ကျွန်တော်တို့ အတူတွဲလျက် တပ်မတော်တာဝန်၊ နိုင်ငံတာဝန်ကို ထမ်းရွက်ခဲ့ကြသည့် ကာလအလွန် ရှည်လျားသလို အပြန်အလှန် လေးစားချစ်ခင်မှုရှိတယ်ဆိုတာ အမှန်တရား ပဲ ဖြစ်ပါသည်" ဟု ထည့်သွင်းရေးသားထားသည်။
ယင်းအပြင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာလည်း၊ ဦးခင်ညွန့်က "တာဝန်ထမ်း ဆောင်စဉ်ကာလတုန်းက သတင်းစာရှင်းလင်းပွဲတွေမှာပြောခဲ့သလို ဒေါ်အောင်ဆန်းစုကြည်အပေါ် ညီမလေး တစ်ယောက်လို သဘောထားသည်ဆိုသည့်စိတ်က ပြောင်းလဲမှုမရှိပါ၊ ဗိုလ်ချုပ်သမီး၊ ဒီမိုကရေစီခေါင်းဆောင် တစ်ဦးလည်းဖြစ်တာကြောင့် လေးစားမှု၊ ယုံကြည်မှုရှိတာတော့ အမှန်ပါပဲ"ဟု ရေးသားထားသည်။
တာဝန်ထမ်းဆောင်စဉ်အတွင်း အစိုးရပေါ်လစီအရ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြောဆိုဆက်ဆံရတာတွေက မိမိ၏စိတ်ဆန္ဒနှင့်အညီ ဆောင်ရွက်ရတာရှိသလို၊ စိတ်ဆန္ဒနဲ့အညီ မလုပ်နိုင်တာလည်း ရှိခဲ့သည်ဟု ဦးခင်ညွန့် က ထည့်သွင်းထားသေးသည်။
ယင်းအပြင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မသိအောင်ပင် ထောက်လှမ်းရေးဒုတိယညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကျော် ဝင်း၊ ဗိုလ်မှူးချုပ် သန်းထွန်းတို့ကို ဒေါ်စုနှင့် လျှို့ဝှက်တွေဆုံကာ အမျိုးသားညီလာခံတက်ရန် ညှိနှိုင်းခဲ့သေး သည်ဟုလည်း စာအုပ်တွင် ပါဝင် သည်။
န.ဝ.တ အစိုးရ အတွင်းရေးမှူး ၁၊ တာဝန်ယူစဉ် ဖြစ်ပေါ်ခဲ့သည့် ၂ဝဝ၃ ခုနှစ် ဒီပဲယင်းအရေးတွင်ပင် ဗိုလ်ချုပ်မှူးကြီးနှင့် တပ်ခေါင်းဆောင်တို့ဆန္ဒရှိခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးလမ်းကြောင်းကို တားဆီးရန် အကြမ်းမဖက်သင့်ကြောင်းပင် တင်ပြခဲ့ပြီး ယင်းကိစ္စကို ဦးခင်ညွန့် ရာထူးကျပြီး တာဝန်ယူခဲ့ရသည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းကို တာဝန်ပေးအပ်ခဲ့သည်ဟု ဖော်ပြထားသည်။
ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့်က စာမျက်နှာ ၆၅၇ မျက်နှာအထိ ခေါင်းစဉ်ခွဲပေါင်း ၇၇ ခုထိ ပါဝင်သည့် ၎င်း၏တပ်မတော်သားဘဝမှတစ်ဆင့် အဆင့်မြင့်ရာထူးပေါင်းများစွာ၊ နိုင်ငံကိုဦးဆောင်ခဲ့သူအဖြစ် ဆောင်ရွက် ခဲ့ပုံများစွာနှင့် ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ်မှူးကြီးစောမောင်စသည့် စစ်ခေါင်းဆောင် များစွာ၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပြင်၊ တိုင်းရင်းသားရေးရာငြိမ်းချမ်းရေး အကြောင်း အရာများစွာကို ထည့်သွင်းရေးသားဖော်ပြထားသည်။
န.ဝ.တ အဖွဲ့၏ အတွင်းရေးမှူး ၁၊ ဝန်ကြီးချုပ်၊ စစ်ထောက်လှမ်းရေးမှူးချုပ်စသည့် အရေးကြီးတာဝန်များကို နာမည်ကောင်း၊ နာမည်ဆိုးများစွာဖြင့် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အစိုးရပေါ်လစီအရ မဖြစ်မနေ ဆောင်ရွက်ခဲ့သည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်သည်ကား နေအိမ်အကျယ်ချုပ်သို့ မရောက်ရှိခင်က ရရှိခဲ့ သည့်ရာထူးထက်ပင် ၎င်းတွင် များစွာသော ရည်ရွယ်ချက်ကြီးကြီးတို့ ရှိကောင်းရှိနိုင်နေသည်။
ယင်းက ၎င်းကိုယ်တိုင်ရေး "ကြုံတွေခဲ့ရ ကျွန်တော့်ဘ၀အထွေထွေ" စာအုပ်တွင် အစချီထားသည့် "ကျိုက်မှော် ဝန်းစေတီအား ဦးခိုက်၍ ကျွန်တော့ဘဝစခဲ့ပါသည်။ ဤမှော်ဝန်းရေပြင်သည် ကျွန်တော်အဓိဋ္ဌာန်ပြု၊ သစ္စာပြုခဲ့ ရာ ရေပြင်ဖြစ်ပါသည်" ဆိုသည့်စကားက သက်သေပြုနေပါသည်။
၎င်း၏ အဓိဋ္ဌာန်ပြည့်သည်၊ မပြည့်သည်ကိုမူ ဦးခင်ညွန့်ကိုယ်တိုင်ပင် သိရှိနေပေတော့မည်။
http://www.mizzimaburmese.com/2013-10-20-17-18-22/2013-10-20-16-34-57/item/40051-2015-03-03-01-19-30
0 comments:
Post a Comment
အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်