AWU ရုံးမှ လူပ်ရှားမူ ဓါတ်ပုံအချို့များကို တင်ပြထားပါသည်။

Tuesday, September 9, 2014

လွမ်းလောက်စရာမရှိသော ပညာရေးမူကြမ်း


http://img375.imageshack.us/img375/9356/dsc00229if.jpg
အခြေခံပညာရေးဥပဒေကြမ်း (မူကြမ်း) ကို လေ့လာကြည့်စမ်းပါ၊ ဝေဖန်ကြည့်စမ်းပါဆိုပြီး ပေးလာတဲ့အတွက် ဖတ်ကြည့်မိပါတယ်။ ဒီကြားထဲမှာ အမျိုးသားပညာရေးဥပဒေကြမ်းကို ပညာရေးဝန်ထမ်းအများစု မဖတ်ရ သေးဖူး ဆိုတဲ့ သတင်းကိုလည်း ဂျာနယ်သတင်းစာတွေမှာ ဝေဖန်ရေးသားလာတာ ဖတ်လိုက်ရတယ်။ ဆရာ၊ ဆရာမတွေက ဥပဒေကြမ်းတွေ ဘာတွေကို စိတ်မဝင်စားဘူး၊ စာသင်ဖို့ပဲ စိတ်ဝင်စားတယ်ဆိုတဲ့ ပြောစကား တွေကို ဖတ်လိုက်ရတာ ကျွန်တော့်အနေနဲ့တော့ မအံ့သြမိဘူး။ ဘာကြောင့်လဲဆိုတော့ မလုပ်၊ မရှုပ်၊ မပြုတ်ဆိုတဲ့ သဘောတရားတွေနဲ့ အေးအေးဆေးဆေးနေခိုင်းလွန်းအားကြီးလို့ သံချေးတက်လာတာ ကြာနေပြီ မဟုတ်လား။
ကျွန်တော်အနေနဲ့ ကြိုတင်ဝန်ခံလိုတာက ပညာရေးမှာ နည်းပညာကို အလွန်အရေးပါတဲ့ဦးစားပေးအခန်းကဏ္ဍ ကနေ ထည့်သွင်းလေ့လာသင့်တယ်လို့ ယူဆထားကြောင်း ဦးစွာဝန်ခံလိုပါတယ်။ ခေတ်နောက်ကျနေတဲ့ ပညာရေးစနစ်ကို အမြန်ဆုံး မြှင့်တင်ချင်ရင် နည်းပညာနဲ့ တွဲဖက်ပေါင်းစည်းပေးမှ ဖြစ်ပါလိမ့်မယ်။ ဒီလို လုပ်ဆောင်ရာမှာ လှည်းကို ဂျက်အင်ဂျင်တပ်ပေးပြီး မောင်းလို့မရပါဘူး။ အောက်ခြေဖရိန်ကစပြီး ဂျက်အင်ဂျင် တင်မောင်းနိုင်တဲ့အဆင့်ရောက်အောင် ပြင်ဆင်ပြီးမှ မောင်းသင့်တယ်လို့ ခံယူထားပါတယ်။
ဒါကြောင့် အခြေခံပညာရေးဥပဒေ (မူကြမ်း) မှာ နည်းပညာနဲ့ ပတ်သက်ပြီး ဘာတွေလုပ်ဆောင်ဖို့ ရည်မှန်းထား သလဲလို့၊ အခန်း (၂) မှာပါတဲ့ “အခြေခံပညာရေး၏ရည်မှန်းချက်များ” ဆိုတဲ့ နေရာကနေစပြီး နည်းပညာဆိုတဲ့ စကားလုံးကို ရှာကြည့်မိပါတယ်။ နည်းပညာနဲ့ ခေတ်နောက်ကျပြီး ကျန်ခဲ့တဲ့ ပညာရေးကို ဘယ်လိုတွေ မြှင့်တင် ကြမလဲဆိုပြီးတော့ပေါ့။
အခြေခံပညာရေး၏ ရည်မှန်းချက်များဆိုပြီးတော့ (က) မှ (ည) အထိ ၁၀ ချက် ချမှတ်ထားပါတယ်။ အဲဒီ ဆယ်ချက်စလုံးမှာ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်တည်ဆောက်မယ်လို့ ကြွေးကြော်နေတဲ့ ပညာရေးဌာနက နည်းပညာနဲ့ ပညာရေးတိုးတက်အောင်ကြံဆောင်မယ်လို့ ရည်မှန်းထားတာ တစ်ချက်မှ မပါတာကို အံ့သြစွာ တွေ့လိုက်ရတယ်။ ပြောရရင်တော့ နည်းပညာမပါဘဲ မြန်မာ့နည်းမြန်မာ့ဟန် ပညာရေးကိုပဲ ဆက်သွားဖို့ ရည်မှန်း ထားသေးတယ်ဆိုတာ ထင်ရှားနေပါတယ်။
အခန်း (၃) အခြေခံပညာရေးဆိုင်ရာမူများဆိုပြီး ချမှတ်ထားရာမှာလည်း စာလုံးတွေ ဖောင်းဖွရှုပ်ထွေးအောင် လုပ်ထားပေမယ့် ခေတ်မီနိုင်ငံတော်ကြီးဖြစ်အောင် နည်းပညာနဲ့ကြံဆောင်ပေးဖို့ မူချထားတာ တစ်ချက်မှ မတွေ့ရ ပါဘူး။
ကောင်းပြီ ဒါဆိုရင် ဆရာတွေနဲ့ပတ်သက်ပြီး ဘာတွေတိုးတက်အောင် အဆင့်မြှင့်ကြမလဲဆိုတဲ့ အခန်း (၈) “ဆရာအတတ်ပညာရေး” ကို လေ့လာလိုက်တော့လည်း၊ ဆရာ ဆရာမတွေကို နည်းပညာနဲ့ သူတို့ဘဝကို အဆင့်မြှင့်တင်ပေးပြီး အခြေခိုင်အောင်လုပ်ပေးမယ်၊ သူတို့ကတစ်ဆင့် ကျောင်းသား ကျောင်းသူတွေကို နည်းပညာနဲ့ သင်ကြား သင်ယူမှု အဆင့်မြှင့်တင်ပေးခိုင်းမယ်ဆိုတဲ့ ဦးတည်ချက်တွေ ကင်းမဲ့နေတာတွေ့ရပါ တယ်။
ပညာရေးမှာ နှစ်ပေါင်းများစွာ ခေတ်နောက်ကျလာခဲ့တာကို နည်းပညာနဲ့ပဲ မြှင့်တင်နိုင်လို့ ရတော့မယ်ထင်ပါ တယ်။ ပြောချင်တာကတော့ နည်းပညာဆိုတာ သင်ကြားမှု သင်ယူမှုဖြစ်စဉ်ရဲ့ ဖြတ်လမ်းလို့တောင် ဆိုရမလို ဖြစ်လာပါတယ်။ ဆရာတွေ ဆရာမတွေကို နည်းပညာနဲ့ အဆင့်မြှင့်တင်မပေးဘဲ လမ်းရိုးလမ်းဟောင်း အတိုင်း ဒါသင်၊ ဒါဖတ်၊ ဒါရေးမှ အမှတ်ဆက်ပေးခိုင်းနေဦးမယ်ဆိုရင်တော့ ဒီပညာရေးဥပဒေဆိုတာ ခေတ်ဟောင်းမှာပဲ တဝဲလည်လည် ရှိနေသေးတဲ့ ဥပဒေလို့ ဆိုရတော့မှာဖြစ်ပါတယ်။
ကျွန်တော် ဒီစကားကို ဆိုရတာ အကြောင်းရှိပါတယ်။ အမေရိကန်လိုပြည်ထောင်စုကြီးသာမက၊ အာရှမှာရှိတဲ့ အိန္ဒိယ၊ တရုတ်၊ စင်ကာပူ၊ မလေးရှား၊ ထိုင်းစတဲ့နိုင်ငံတွေတောင် STEM လို့ခေါ်တဲ့ ပညာရေး လမ်းကြောင်းကိုလိုက်ဖို့ ကြိုးစားအားထုတ်နေကြပါတယ်။ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ သင်္ချာ (Science, Technology, Engineering, Mathematics) ဆိုတဲ့ STEM ပညာရေးလမ်းကြောင်းနောက်ကို လိုက်မှသာလျှင် ပညာရေးဟာ ခေတ်မီဖွံ့ဖြိုးတိုးတက်သလို၊ နိုင်ငံလည်း ဖွံ့ဖြိုးတိုးတက်မယ်။ ဒါကြောင့် အဲဒီ လေးချောင်းထောက် ပညာရေးကို အကောင်အထည်ဖော်နေကြချိန်မှာ မြန်မာ့ပညာရေးကတော့ ရည်မှန်းချက်မှာလည်း ခေတ်မီဖွံ့ဖြိုး တိုးတက်စေနိုင်တဲ့ စနစ်တွေကို အခြေမခံတာကို တွေ့နေရပါတယ်။ ဒါကြောင့် စေတနာကောင်းနဲ့ ရေးဆွဲတဲ့ ပညာရေးဥပဒေ ဟုတ်၊ မဟုတ် လေ့လာဆန်းစစ်ဝေဖန်ကြဖို့ လိုလိမ့်မယ်ထင်ပါတယ်။
၂၁ ရာစုဟာ သိပ္ပံနဲ့နည်းပညာတီထွင်မှုတွေကို တောင်းဆိုလာရုံမက ဂလိုဘယ်လိုင်ဇေးရှင်းနဲ့ အသိပညာကို အခြေခံသော စီးပွားရေး (Globalization and Knowledge-based Economy) ဆိုတာတွေရဲ့ စိန်ခေါ်မှုကို အကြီးအကျယ်ရင်ဆိုင်နေရတဲ့ ရာစုလို့ဆိုနိုင်ပါတယ်။ ဒီတောင်းဆိုမှုတွေ၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ဆိုတာ သတင်းအချက်အလက်နဲ့ နည်းပညာကို အခြေခံတဲ့လူ့ဘောင်၊ သတင်းအချက်အလက်၊ နည်းပညာများကို အသုံးချနိုင်စွမ်းရှိသော ပညာရေးစနစ်တွေနဲ့သာ အံဝင်ခွင်ကျဖြစ်နိုင်ပါလိမ့်မယ်။ ဒါကြောင့်လည်း အားလုံးသော နိုင်ငံတွေဟာ STEM ဆိုတဲ့ လမ်းကြောင်းနဲ့ ပညာရေးကို တိုးတက်ဖွံ့ဖြိုးအောင်ကြံဆောင်ပြီး ပြုပြင်ပြောင်းလဲဖို့ လုပ်ဆောင်နေကြပါတယ်။ အဲဒီအထဲမှာ အာရှက စင်ကာပူနဲ့၊ အမေရိကန်ပြည်ထောင်စုက အိုဘားမားတို့ဟာ STEM ကို ကျုပ်တို့ ကလေးတွေအတွက် အကောင်အထည်ဖော်ပေးပါ၊ မဖြစ် ဖြစ်အောင် လုပ်ပေးပါဆိုပြီး ပညာရေးဌာနက ပုဂ္ဂိုလ်တွေကို ရာဇသံပေးရာမှာ အသည်းဆုံး၊ အကဲဆုံးဖြစ်ပါတယ်။
နည်းပညာဆိုတာ နေရာတိုင်းမှာ ပျံ့နှံနေပါပြီ။ လူသားတို့ရဲ့ နေ့စဉ်ဘဝတွေမှာလည်း မရှိမဖြစ် အရေးပါလာပါပြီ။ နည်းပညာကြောင့် အလုပ်အကိုင်နေရာနဲ့ အခွင့်အလမ်းတွေအားလုံးပါ ပြောင်းလဲခဲ့ရပါတယ်။ STEM ဆိုတာကို ရှောင်လွှဲလို့လည်းမရဘူး။ ကြောက်လို့ဆိုပြီးတော့ ခေါင်းရှောင်လို့လည်းမရဘူး။ မဖြစ်နိုင်ဘူးဆိုပြီးတော့ ကျော်လွှားလိုက်လို့လည်းမရပါဘူး။ ဘယ်နည်းနဲ့ မဖြစ်ဖြစ်အောင် လုပ်ကြမလဲဆိုတာကိုသာ စဉ်းစားအဖြေရှာဖို့ လိုပါတယ်။
ကွန်ပျူတာမတတ်သောလူကြီးတွေက၊ ကွန်ပျူတာနဲ့ အင်တာနက်အကြောင်းမသိလည်း ငါတို့ လူကြီးလုပ်စားလို့ ရနေသေးတာပဲထင်ပြီး ပြုပြင်ပြောင်းလဲမှုတွေကို နိုင်ငံတော်နဲ့ လူငယ်တွေအတွက် ထည့်မစဉ်းစားဘူးဆိုရင် မြန်မာ့ပညာရေးမှာ ဘယ်လိုဥပဒေတွေဆွဲဆွဲ၊ ဘယ်မူတွေရေးရေး နိုင်ငံတကာနဲ့ အလှမ်းဝေးနေဦးမှာပါပဲ။
http://myanmar.mmtimes.com/index.php/national-news/11832-2014-09-09-09-25-58.html

0 comments:

Post a Comment

အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်