AWU ရုံးမှ လူပ်ရှားမူ ဓါတ်ပုံအချို့များကို တင်ပြထားပါသည်။

Wednesday, September 3, 2014

အလုပ်သမားချည်းပဲ ဥပဒေလိုက်နာရမယ်ဆိုရင် တရားမျှတမှု မရှိဘူး


NEJ   /   ၀၉ ဇူလိုင် ၂၀၁၀
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်ဒေသအတွင်းမှ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဘန်ကောက်မြို့သို့ ပြောင်းရွှေ့အလုပ်လုပ်ကိုင်ကြသဖြင့် ဒေသတွင်း၌ အလုပ်သမားပြတ်လပ်မှုဖြစ်ပေါ်နေသည်။ ထိုကြောင့် ခရိုင်အတွင်းရှိ စက်မှုလုပ်ငန်းရှင်များ၊ စိုက်ပျိုးရေးလုပ်ငန်းရှင်များက ထိုင်းစက်မှုဝန်ကြီးထံ ကူညီဖြေရှင်းပေးရန် ဇူလိုင်လ(၄) ရက်နေ့တွင် တင်ပြတောင်းဆိုခဲ့သည်။ ယခုကဲ့သို့ ထိုင်းအလုပ်ရှင်များ၏ တောင်းဆိုမှုနှင့်ပတ်သက်၍ မဲဆောက်ဒေသတွင်းမှ မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ အခြေအနေကို သိနိုင်ရန် မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီမှ ဥက္ကဋ္ဌ ဦးမိုးကြိုးနှင့် ခေတ်ပြိုင်ဆက်သွယ်မေးမြန်းချက်။
မေး။  ။ မဲဆောက်က မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဘာကြောင့် ဘန်ကောက်မြို့ကို ပြောင်းရွှေ့ လုပ်ကိုင်ကြတာပါလဲ၊ အလုပ်သမားပြတ်လပ်မှုဖြစ်ရတဲ့ အဓိကအကြောင်းရင်းက ဘာပါလဲ။
ဖြေ။  ။ ဟုတ်ကဲ့ ထိုင်းဥပဒေမှာ သတ်မှတ်ထားတဲ့ လုပ်အားခ စံနှုန်းအတိုင်း မရလို့ ဘန်ကောက်ကို ပြောင်းရွှေ့လုပ်ကိုင်ကြတာ ဖြစ်ပါတယ်။ မဲဆောက်အပါအ၀င် တာ့ခ်ခရိုင်မှာ တနေ့လုပ်အားခ (၁၅၃) ဘတ်၊ ဘန်ကောက်မှာဆိုရင် (၂၀၆) ဘတ် ဖြစ်တဲ့အတွက် လုပ်အားခပိုရတဲ့ ဘန်ကောက်ကို မြန်မာအလုပ်သမားတွေ ပြောင်းရွှေ့လုပ်ကိုင်ကြတာဖြစ်တယ်။ အလုပ်သမား ပြတ်လပ်မှုဖြစ်ရတဲ့ အကြောင်းအရင်းက ကျွမ်းကျင်တဲ့ မြန်မာအလုပ်သမားတွေဟာ ဘန်ကောက်အပါအ၀င် မြို့ကြီးပြကြီးတွေက လုပ်အားခ ပိုရတာမို့လို့ အဲဒီကို ကျွမ်းကျင်တဲ့ မြန်မာအလုပ်သမားတွေ ပြောင်းရွှေ့လုပ်ကိုင်ကြတဲ့အတွက် အလုပ်သမားပြတ်လပ်မှု ဖြစ်ရတာဖြစ်တယ်။ မဲဆောက်အပါအ၀င် တာ့ခ်ခရိုင်မှာတော့ မကျွမ်းကျင်တဲ့ သင်လုပ်လုပ်နေတဲ့ လုပ်ငန်းခွင်အသီးသီးမှာ မြန်မာအလုပ်သမားတွေ အများကြီးတော့ရှိတယ်။ ဒါပေမယ့် ကျွမ်းကျင်တဲ့ အလုပ်သမားကတော့ ရှားပါးပါတယ်။
မေး။  ။ ဒီပြဿနာပြေလည်အောင် ထိုင်းအစိုးရအနေနဲ့ ဘယ်လိုကိုင်တွယ်ဖြေရှင်းသင့်ပါသလဲ။
ဖြေ။  ။ ဒီအလုပ်သမားပြတ်လပ်ရတဲ့ ပြဿနာကို ပြေလည်အောင် လုပ်ဖို့ဆိုရင် ထိုင်းအစိုးရအနေနဲ့ မူဝါဒချမှတ်ပြီး လုပ်ဖို့လိုပါတယ်။ (တစ်) ကျွမ်းကျင်တဲ့ အလုပ်သမားတွေကို အလုပ်သမားလက်မှတ် ၀ပ်ပါမစ်အဆင့်အထိ ပြီးပြည့်စုံအောင်၊ နောက်ပြီး မြန်မာနိုင်ငံက လုပ်ပေးတဲ့ ယာယီနိုင်ငံကူးလက်မှတ်အဆင့်ထိ လုပ်ပေးသလိုပဲ မကျွမ်းကျင်တဲ့ သင်လုပ် အလုပ်လုပ်နေတဲ့ အလုပ်သမားတွေကိုလည်း အလုပ်သမားလက်မှတ် လုပ်ပေးဖို့လိုပါတယ်။ အကယ်၍ အခက်အခဲရှိရင် ထိုင်းနိုင်ငံမှာ နေထိုင်လို့ရတဲ့ နေထိုင်ခွင့်လက်မှတ်လောက်တော့ အနည်းဆုံး လုပ်ပေးသင့်ပါတယ်။ ဒါဆိုရင် ဒီအလုပ်သမားတွေရဲ့ လုပ်အားတွေ၊ ကျွမ်းကျင်မှုတွေ နောက် ဒီအလုပ်သမားတွေရဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ နေထိုင်မှုတွေအပေါ်မှာ ထိုင်းအစိုးရက စနစ်တကျ ချုပ်ကိုင်ထားလို့ ရမယ်လို့ ကျနော်တို့မြင်ပါတယ်။
မေး။  ။ မဲဆောက်မှာ အလုပ်သမားနဲ့အလုပ်ရှင် ဥပဒေစည်းမျဉ်းလိုက်နာမှု အခြေအနေ ဘယ်လို ရှိပါသလဲ။
ဖြေ။  ။ ထိုင်းနိုင်ငံက သတ်မှတ်ထားတဲ့ ထိုင်းအလုပ်သမားဥပဒေ အပါအ၀င် အခြားထိုင်းဥပဒေတွေ ရှိပါတယ်။ အဲဒါတွေကို အလုပ်သမားဘက်ကလည်း လိုက်နာရမှာ ဖြစ်သလို သူတို့ခိုင်းစေတဲ့ အလုပ်ရှင်ဘက်ကလည်း လိုက်နာရမှာဖြစ်ပါတယ်။ အလုပ်သမားတွေကိုတော့ လိုက်နာသည်ဖြစ်စေ၊ မလိုက်နာသည်ဖြစ်စေ ဥပဒေအမျိုးမျိုး စည်းမျဉ်းစည်းကမ်း အမျိုးမျိုး ချမှတ်ပြီးတော့ အလုပ်ရှင်တွေက ဒီဥပဒေတွေကို မလိုက်နာကြတာ တွေ့ရပါတယ်။ ဒီလို ဘာလို့ပြောရလဲဆိုတော့ အနည်းဆုံး ဒေသအလိုက် သတ်မှတ်ထားတဲ့ လုပ်အားခတွေ ပေးရမယ်။ ဥပမာ မဲဆောက်အပါအ၀င် တာ့ခ်ခရိုင်မှာဆိုရင် (၁၅၃) ဘတ် ပေးရပါမယ်။ အချိန်ပို တနာရီကို (၂၇) ဘတ်နဲ့ (၅၀) စတန် ပေးရမယ်ဆိုတဲ့ အနေအထားတွေကို အလုပ်ရှင်တွေက လိုက်နာခြင်းမရှိပါဘူး။ အလုပ်ရှင်က မြန်မာအလုပ်သမားတွေကို အချိန်ပို (၁) နာရီလောက်ခိုင်း မာမားခေါက်ဆွဲထုတ် အသေးတထုပ်လောက် ပေးတဲ့အနေအထား၊ (၂) နာရီလောက်ခိုင်းရင် မာမားခေါက်ဆွဲ (၂) ထုပ်ပေးပါတယ်။ (၂) နာရီထက် ကျော်မှသာ အချိန်ပိုကြေးကို (၅) ဘတ် ပေးတာမျိုး (၇) ဘတ် ပေးတာမျိုး (၁၀) ဘတ် ပေးတာမျိုး တွေ့ရပါတယ်။ ဒါကြောင့် အလုပ်သမားဥပဒေကို အလုပ်သမားတွေချည်းပဲ လိုက်နာခိုင်းတာမျိုးမဟုတ်ဘဲ အလုပ်ရှင်တွေကပါ လေးစားလိုက်နာအောင် ထိုင်းအစိုးရကနေပြီးတော့ ဥပဒေသင်တန်းတွေ ဘာတွေ အလုပ်ရှင်တွေကို ခေါ်ပေးဖို့လိုပါတယ်။ အလုပ်ရှင်တွေက အလုပ်သမားဥပဒေတွေကို ချောင်ထိုးထားတယ်။ အသုံးမပြုဘဲနဲ့ ဥပဒေက စာအုပ်ထဲမှာပဲ ရှိမယ်ဆိုရင်၊ အလုပ်သမားချည်းပဲ ဥပဒေလိုက်နာရမယ်ဆိုရင် တရားမျှတမှု မရှိဘူးလို့ ယူဆပါတယ်။
မေး။  ။ တာ့ခ်ရိုင်အတွင်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားဦးရေ ဘယ်လောက်ရှိပါသလဲ။ တရားဝင် နိုင်ငံကူးလက်မှတ် လုပ်ထားသူ ဘယ်နှဦးရှိပြီးတော့ တရားမ၀င်တဲ့လူက ဘယ်နှဦးရှိပါသလဲ။
ဖြေ။  ။ ကျနော်တို့ရဲ့ ခန့်မှန်းထားတဲ့ အနေအထားအရ တာ့ခ်ခရိုင်မှာ မြန်မာအလုပ်သမား (၄) သိန်းလောက်ရှိပါတယ်။ (၆) မြို့နယ်မှာပေါ့။ နိုင်ငံကူးလက်မှတ် လုပ်ပြီးသူက အခုဆိုရင် စာရင်းတင်ထားတာ (၆) သောင်းကျော် (၇) သောင်းနီးပါးလောက် ရှိတယ်လို့ သိရပါတယ်။ တရားမ၀င်တဲ့ အလုပ်သမားကတော့ (၃) သိန်းနဲ့ (၃) သောင်းလောက်ရှိတယ်လို့ ပြောလို့ရပါတယ်။
မေး။  ။ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် ၂၀၁၂ ခုနှစ်မှာ နိုင်ငံသားစိစစ်မှုလုပ်ငန်းစဉ်ကို အပြီးသတ်လုပ်ဆောင်မယ်၊ တရားမ၀င်သူတွေကို ဖမ်းဆီးမယ်လို့ ထိုင်းအစိုးရက ပြောနေပါတယ်။ ဖမ်းလည်းဖမ်းနေတယ်။ ဒါပေမယ့် တဖက်ကလည်း ထိုင်းနိုင်ငံထဲကို ခိုးဝင်နေသူတွေ ရှိနေဆဲပဲလို့ ကြားသိရပါတယ်။ ဒီလိုအခြေအနေတွေကို ထိုင်းအစိုးရအနေနဲ့ ဘာလုပ်ပေးသင့်ပါသလဲ။
ဖြေ။  ။ ထိုင်းနိုင်ငံထဲကို ၀င်ပေါက်အမျိုးမျိုးကနေ ခိုးဝင်လာတယ်။ ၀င်လာတယ်ဆိုတာက လူကယ်ရီ၊ လူပွဲစားတွေ ကနေတဆင့် ၀င်လာတာရှိပါတယ်။ အဲဒီဝင်လာတယ် ဆိုတာတွေအားလုံးဟာ မြန်မာနိုင်ငံမှာ အလုပ်အကိုင်ရှားပါးပြီး ငတ်မွတ်ခေါင်းကြလို့ ဖြစ်ပါတယ်။ စားဝတ်နေရေး မပြေလည်မှုနဲ့ ဆင်းရဲမွဲတေမှုကြောင့်ဖြစ်တယ်။ ဒီခြေအနေကို ထိုင်းအစိုးရအနေနဲ့ ဘာလုပ်ပေးသင့်လဲဆိုတော့ အဲဒီဝင်လာတဲ့လူတွေကို မ၀င်လာပါနဲ့လို့ တားမြစ်လို့ကတော့ အခက်အခဲ ရှိပါလိမ့်မယ်။ ၀င်လာတဲ့လူတွေအားလုံးကို ထိုင်းအစိုးရအနေနဲ့ ဥပမာ နေထိုင်ခွင့်လက်မှတ်လိုဟာမျိုး လုပ်ပေးပြီးတော့ ထိုင်းဥပဒေထဲမှာ စနစ်တကျ နေထိုင်တတ်အောင် ထိုင်းယဉ်ကျေးမှုအတိုင်း အလိုက်သင့် နေထိုင်တတ်အောင် လုပ်ပေးသင့်ပါတယ်။ ပြီးတော့ သူတို့ဆီက ကျွမ်းကျင်လုပ်သားတွေဖြစ်လာအောင် ပြုစုပျိုးထောင်ပေးမယ်ဆိုရင် ထိုင်းနိုင်ငံရဲ့ ကုန်ထုတ်စွမ်းအားစုကို အကျိုးပြုတဲ့ အလုပ်သမားတွေ ဖြစ်လာနိုင်ပါတယ်။ အဲသလို လုပ်ပေးတာသာလျှင် အကောင်းဆုံးနည်းလမ်းလို့ ကျနော်တို့ မြင်ပါတယ်။
မေး။  ။ မြန်မာအစိုးရကရော ထိုင်းနိုင်ငံထဲ မြန်မာတွေ ခိုးဝင်လုပ်ကိုင်နေတာကို ဘာလုပ်ပေးသင့်ပါလဲ။ ယာယီနိုင်ငံသားစိစစ်ရေးရုံးတွေ ထိုင်းဘက်မှာ လာဖွင့်ပေးရုံနဲ့ ဒီတရားမ၀င်အလုပ်သမားပြဿနာ ပြေလည်သွားနိုင်မလား။ အခြားဘာတွေ လုပ်ပေးသင့်ပါသလဲ။
ဖြေ။  ။ အခု ကျနော်တို့ ပြောဆိုနေတဲ့အပိုင်းမှာ ထိုင်းနိုင်ငံဘက်ကနေ ဘာတွေလုပ်ပေးသင့်လဲဆိုတဲ့ အကြောင်းအရာတွေကို ကျနော် ဉာဏ်မီသလောက် တင်ပြပြောဆိုပြီးပါပြီ။ မြန်မာအစိုးရဘက်ကတော့ အထွေထွေဖိနှိပ်မှုတွေနဲ့ အုပ်ချုပ်နေတာ ဖြစ်တဲ့အတွက် မြန်မာအစိုးရမှာ ဥပဒေရယ်လို့ သတ်သတ်မှတ်မှတ် မရှိပါဘူး။ မြန်မာအစိုးရဘက်က ၂၀၀၅ ခုနှစ်မှာ လူကုန်ကူးမှုတိုက်ဖျက်ရေးဥပဒေဆိုတာ ပြဋ္ဌာန်းပါတယ်။ ထိုင်းနိုင်ငံက ၂၀၀၈ ခုနှစ်မှာ လူကုန်ကူးမှုဥပဒေကို ပြဋ္ဌာန်းပါတယ်။ အဲဒီဥပဒေကို ထိုင်းနိုင်ငံက စနစ်တကျ အကောင်အထည်ဖော်ပြီးတော့ မြန်မာနိုင်ငံဘက်မှာကျတော့ လောက်လောက်လားလား အကောင်အထည်ဖော်မှု အားနည်းနေတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံဘက်က ဥပဒေတွေဟာ ရှိပင်ရှိငြားသော်လည်း ဥပဒေအထက်မှာ အုပ်ချုပ်တဲ့သူတွေ ရှိနေတဲ့အတွက် မြန်မာနိုင်ငံဘက်က စီစဉ်ဆောင်ရွက်မှုတွေ အားလုံးဟာ စာအုပ်ထဲမှာပဲ ရှိပြီးတော့ လက်တွေ့ဆောင်ရွက်မှုတွေမှာ အားနည်းချက်တွေ အများကြီးရှိတယ်။ ပြီးတော့ လူတွေအပေါ်မှာ လူသားချင်း စာနာထောက်ထားမှု ကင်းမဲ့နေတာတွေရှိပါတယ်။ အဲဒီတော့ ယာယီနိုင်ငံကူးလက်မှတ်တွေ ရနောင်းမြို့တို့ ဘာတို့မှာ လာဖွင့်မယ် ဆိုတဲ့အနေထားက အဲလောက်နဲ့ မလုံလောက်ပါဘူး။ နိုင်ငံနယ်စပ်မြို့တွေဖြစ်တဲ့ မဲဆောက်၊ မယ်ဆိုင်၊ စံခရဘူရီ၊ မယ်ဟောင်ဆောင် အပါအ၀င် ၀င်ပေါက်အမျိုးမျိုးတွေရှိတဲ့ မြို့တွေအပြင် ဘန်ကောက်၊ ချင်းမိုင်စတဲ့ မြို့တွေမှာလည်း နိုင်ငံသားစိစစ်ရေးရုံးတွေ ဖွင့်ပေးဖို့လိုပါတယ်။
မေး။  ။ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အဓိက လိုအပ်ချက်က ဘာတွေဘာလဲ။ ဒီလိုအပ်ချက်တွေကို ဘယ်လို ဖြည့်ဆည်းပေးသင့်ပါသလဲ။
ဖြေ။  ။ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အဓိက လိုအပ်ချက်က (၁) သတ်မှတ်ထားတဲ့ လုပ်အားခအတိုင်း ပေးဖို့ဖြစ်ပါတယ်။ (၂) အလုပ်သမားတိုင်းဟာ အနည်းဆုံးနေထိုင်ခွင့်ရှိရပါမယ်။ ပိုပြီးပြည့်စုံအောင် အလုပ်သမားလက်မှတ် ရှိရပါမယ်။ (၃) အဲဒီလုပ်ပေးထားတဲ့ အလုပ်သမားတွေရဲ့ လက်မှတ်အစစ်ကို အလုပ်သမားတွေရဲ့ လက်ဝယ်မှာ ထားရှိရပါမယ်။ မိတ္တူလောက်ပဲ ပေးထားရင် အာဏာပိုင်တွေရဲ့ စစ်ဆေးမေးမြန်းခံရတဲ့အခါ အခက်အခဲရှိပါတယ်။ နောက်တချက်က အလုပ်သမားတွေရဲ့ သာရေးနာရေးနဲ့ ကျန်းမာရေး ကိစ္စတွေကို ထိုင်းရဲ့ လူမှုဖူလှုံရေးဥပဒေအတိုင်း ဆောင်ရွက်ပေးစေချင်ပါတယ်။ အလုပ်သမားတွေရဲ့ နေရေးထိုင်ရေးကိစ္စတွေ၊ တနင်္ဂနွေအပါအ၀င် ထိုင်းနိုင်ငံရဲ့ နေ့ကြီးရက်ကြီး (၁၃) ရက်ရှိပါတယ်။ အဲဒီ နေ့ကြီးရက်ကြီးတွေမှာ အလုပ်ခိုင်းခဲ့မယ်ဆိုရင် သတ်မှတ်ထားတဲ့ လုပ်အားခအတိုင်း ပေးစေချင်ပါတယ်။ နောက်တချက်က အလုပ်သမားတွေကို ထိုင်းအာဏာပိုင်တွေက မရိုးမသားနဲ့ဖမ်းဆီးမှုလုပ်တာတွေ ရပ်တန်းကရပ်ဖို့ ပြောချင်တယ်။ ဥပမာ နှစ်လုံး သုံးလုံး ချဲလက်မှတ်တွေ၊ မူးယစ်ဆေးဝါးတွေ၊ လူကုန်ကူးမှု အကြောင်းပြချက်တွေနဲ့ စသဖြင့် ငွေကြေးရယူလိုမှုအတွက် မတရားဖမ်းဆီးတာတွေရပ်ဖို့ ပြောချင်ပါတယ်။ အလုပ်သမားလက်မှတ် ရှိပေမယ့် အဖမ်းခံရပြီး နည်းအမျိုးမျိုးနဲ့ ငွေညှစ်ခံရတဲ့ပြဿနာတွေ ကနေ့ထိ မြန်မာအလုပ်သမားတွေ ရင်ဆိုင်နေရတာတွေရှိတယ်။ ထိုင်းအာဏာပိုင်အချို့က ဘန်ကောက်ကို လူကယ်ရီတင်ပို့ရာမှာ လိုင်စင်ရလုပ်ငန်းပမာ လုပ်ဆောင်နေတာတွေကိုလည်း ထိုင်းအစိုးရအနေနဲ့ တားဆီးပေးဖို့ တင်ပြတောင်းဆိုချင်ပါတယ်။
မေး။  ။ အလုပ်ရှင်တွေဘက်ကရော ဘာတွေလုပ်ဆောင်သင့်ပါသလဲ။ ဒီလို လုပ်ဆောင်လာအောင် ဘာတွေလုပ်ဖို့ လိုအပ်ပါသလဲ။
ဖြေ။  ။ အလုပ်ရှင်တွေဘက်က အလုပ်သမားဥပဒေတွေ အပါအ၀င် ထိုင်းဥပဒေအမျိုးမျိုးမှာ သတ်မှတ်ထားတဲ့ဟာတွေကို လေးစားလိုက်နာသင့်ပါတယ်။ အနည်းဆုံး မြန်မာအလုပ်သမားတွေကို သတ်မှတ်လုပ်အားခအတိုင်း ပေးသင့်ပါတယ်။ လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးအတွက် စီမံပေးစေချင်ပါတယ်။ ထိုင်းအလုပ်သမားဥပဒေတွေကို မြန်မာအလုပ်သမားတွေ သိနားလည်ခြင်းအားဖြင့် ထိုင်းနိုင်ငံမှာ သင့်တင့်မျှတတဲ့ လုပ်ငန်းခွင်တခုကို တည်ဆောက်လို့ရမှာ ဖြစ်တယ်။ ဒါမှ အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ မိသားစုစိတ်ဓာတ်ကို တည်ဆောက်လို့ရမှာ ဖြစ်ပါတယ်။
မေး။  ။ မြန်မာရွှေ့ပြောင်းအလုပ်သမားရေး ကူညီဆောင်ရွက်သူတယောက်အနေနဲ့ မြန်မာအလုပ်သမားတွေကို အဓိက ဘာအမှာစကားပါးလိုပါသလဲ။
ဖြေ။  ။ ရွှေ့ပြောင်းအလုပ်သမား ညီအစ်ကို မောင်နှမတွေကို ပြောချင်တာကတော့ လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးအတွက် ခေါင်းကစပြီး ခြေထောက်အထိ လုံခြုံရေးကိရိယာပစ္စည်းတွေကို အလုပ်ရှင်နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေဆီမှာ တောင်းဆိုပါ။ လုပ်ငန်းခွင်ဘေးကင်းရေး သင်တန်းတွေ တက်နိုင်အောင် ကြိုးစားပါ။ ပြီးတော့ ထိုင်းအလုပ်သမားဥပဒေထဲမှာ ကိုယ့်အခွင့်အရေးတွေ ဘာရှိသလဲဆိုတာနဲ့ ဥပဒေဘောင်ထဲက အခွင့်အရေးကို သိနားလည်ပြီးတော့ အဲဒီဥပဒေအတိုင်း ကိုယ့်အခွင့်အရေး ရရှိအောင် ကြိုးပမ်းကြပါလို့ ပြောချင်ပါတယ်။

0 comments:

Post a Comment

အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်