AWU ရုံးမှ လူပ်ရှားမူ ဓါတ်ပုံအချို့များကို တင်ပြထားပါသည်။

Friday, November 7, 2014

စစ်အစိုးရ အရာရှိများ ရာဇဝတ်မှု ကျူးလွန်ဟု ဟားဗက်ဥပဒေပညာသင်ကျောင်း ထုတ်ပြန်

Written by  ဟင်္သာနီ (မွန်မြေ)

စံခလပူရီ (မဇ္ဈိမ) ။ ။ တိုင်းရင်းသားဒေသများတွင် စစ်အစိုးရလက်ထက်က စစ်ရာဇဝတ်မှုများကို အစိုးရ ထိပ်တန်းအရာရှိများကိုယ်တိုင် ကျူးလွန်ခဲ့ကြကြောင်း အမေရိကန် အခြေစိုက် ဟားဗက်ဥပဒေပညာသင်ကျောင်း Havard Law School နိုင်ငံတကာ လူ့အခွင့်အရေးဌာနက နိုဝင်ဘာ ၇ရက်က ထုတ်ပြန်လိုက်ပြီး ထိုကဲ့သို့ ကျူးလွန်မှုများကို ဖော်ထုတ်ပေးရန် ကရင်အမျိုးသား အစည်းအရုံးက တောင်းဆိုလိုက်သည်။

ပဒိုမန်းမန်းက “ကျွန်တော်တို့ ဖြစ်စေချင်တာက ပြုပြင်ပြောင်းလဲရေးကာလ တရားမျှတမှု ရှာဖွေရေး (Transitional Justice) ပုံစံမျိုး ရှာဖွေ ဖော်ထုတ်စေချင်တယ်၊ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ငြိမ်းချမ်ရေးမှာရော တွေ့ဆုံ ဆွေးနွေးရေး စကားဝိုင်းမှာရော တိုင်းရင်းသား အဖွဲ့တွေ အပါအဝင် လူမှုအဖွဲ့အစည်းတွေကလည်း တင်ပြ တောင်းဆိုတာမျိုး လုပ်နေတာရှိတယ်” ဟု  ကရင်အမျိုးသား အစည်းအရုံး (KNU)၏ တွဲဖက် အထွေထွေ အတွင်းရေးမှူး (၂) ပဒိုမန်းမန်းက မဇ္ဈိမကို ပြောသည်။
စစ်အစိုးရ အုပ်ချုပ်စဉ်ကာလ ၂၀၀၅ မှစ၍ ၂၀၀၈ ခုနှစ်ခန့် အထိ သုံးနှစ်တာ စစ်ဆင်ရေးများအတွင်း တောင်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်များနှင့် တပ်မ ၆၆ လက်အောက်ခံ တပ်များက ‘စစ်ရာဇဝတ်မှု’ ဆိုင်ရာ ကျူးလွန်ခဲ့ခြင်းများရှိကြောင်း နိုဝင်ဘာလ၌ ဟားဗက် တက္ကသိုလ် ဥပဒေရေးရာဌာန၏ အစီအစဉ်ဖြင့် ထုတ်ဝေခဲ့သည့် ‘စစ်ရာဇဝတ်မှုနှင့် လူသားဆိုင်ရာများအပေါ် ဥပဒေမဲ့မှုများ ကျုးလွန်ခြင်း (War Crimes and Crimes against Humanity)’ အစီရင်ခံစာ၌ ဖော်ပြ ရေးသားထားပါသည်။
အထူးသဖြင့် ထိုကာလများ၌ တောင်ပိုင်းတိုင်း တိုင်းမှူးအဖြစ် တာဝန်ယူထားသည့် လက်ရှိ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို၊ ၂၀၀၆ ခုနှစ် အထိ တပ်မ ၆၆ ၏ တပ်မှူး ရာထူးအား ထမ်းဆောင်ခဲ့၍ လက်ရှိ စစ်ဆင်ရေး အထူးအဖွဲ့ (၄) အဖွဲ့မှုး  တာဝန်ယူထားသည့် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးနှင့် လက်ရှိ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်အေးတို့ ပါဝင်ခဲ့ကြောင်း အစီရင်ခံစာ၌ ဖော်ပြ ရေးသားထားသည်။
ထိုကာလ၌ သံတောင် မြို့နယ်နှင့် ဆက်စပ်ဒေသများအား ‘အမဲရောင် နယ်မြေ’ အဖြစ် အစိုးရမှ သတ်မှတ်ထားကာ စစ်ဆင်ရေး ကာလများအတွင်း ရွာမီးရှို့ခြင်း၊ ကျေးရွာ လူထုအား သတ်ဖြတ်ခြင်း၊ အမျိုးသမီးများအား မုဒိမ်းကျင့်ခြင်းများအား အစိုးရ တပ်မတော်မှ ကျူးလွန်ခဲ့မှု ရှိခဲ့ကြောင်း KNU တွဲဖက် အထွေထွေ အတွင်ရေးမှူး (၂) ပဒို မန်းမန်းက မဇ္ဈိမကို ပြောသည်။
KNU ဘက်မှ အစိုးရတပ်၏ စစ်ရာဇဝတ်မှုဆိုင်ရာ ကျုးလွန်မှုများကို တရားမျှတမှုရှိစေရေး ဖော်ထုတ်ပေးရန် လိုလားသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ အကာအကွယ်ပေးထား ပြီးသားဖြစ်၍ အရေးယူ ဆောင်ရွက်ရန် ဖြစ်နိုင်ခြေမရှိကြောင်း မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်၏ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးသိန်းသန်းဦးက မဇ္ဈိမကို သုံးသပ် ပြောကြားခဲ့သည်။
ဦးသိန်းသန်းဦးက မဇ္ဈိမအား “ကျူးလွန် သူတွေကို အရေးယူဖို့ ဆိုတာ ဘယ်လိုမှ ဖြစ်နိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော်မြင်တယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာကိုက ကင်းလွတ်ခွင့်ရအောင် ရေးသားပြီးသား၊ ပြီးခဲ့တဲ့ ဖြစ်စဉ်တွေ ဖြစ်ရပ် တွေနဲ့ ပတ်သက်လို့ နောက်ကြောင်းပြန် အာဏာ သက်ရောက်မှု မရှိစေရ ဆိုပြီး ရေးထားတာ ရှိတယ်၊ ၂၀၀၈ အခြေခံ ဥပဒေ ရှိသမျှ စစ်တပ်က ကျုးလွန် ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ တရားမျှတမှု ရှိအောင် လုပ်ဖို့ ဆိုတာ ဘယ်လိုမှ မျှော်လင့်လို့ မရပါဘူး” ဟု သုံးသပ် ပြောကြား ခဲ့သည်။
အသွင်ကူးပြောင်းရေး ကာလ တရားမျှတမှု ဖော်ဆောင်ရာ၌ အဖြစ်အပျက်အား စုံစမ်းဖော်ထုတ်ခြင်းသည်လည်း တရားမျှတမှု အကောင်အထည်ဖော်ခြင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း မြန်မာနိုင်ငံရှေ့နေများ ကွန်ရက် တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးသိန်းသန်းဦးက သုံးအပ် ပြောကြားသည်။
ဟားဗက် တက္ကသိုလ်မှ ထုတ်ပြန်ထားသည့် မြန်မာ စစ်တပ်မှ စစ်ရာဇဝတ်မှု ဆိုင်ရာ ကျူးလွန် ခဲ့မှု များနှင့် ပတ်သက်၍ အစိုးရ အာဏာပိုင် များ၏ အမြင်များ ၊ တုန့်ပြန်ချက်များ ရရှိနိုင်ရန် အတွက် ကရင်ပြည်နယ် နယ်စပ်နှင့် လုံခြံရေး ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင် နေသည့် ဗိုလ်မှူးကြီး အောင်လွင်အား ဆက်သွယ် မေးမြန်းခဲ့သော်လည်း မအားလပ်ကြောင်း ဆိုကာ ဖြေကြားရန် ငြင်းဆို ခဲ့ပါသည်။
ထပ်မံ၌ မြန်မာ့ငြိမ်းချမ်ရေးစင်တာမှ အကြီးတန်း အကြံပေး အရာရှိ ဦးလှမောင်ရွှေအား ဆက်သွယ် မေးမြန်းခဲ့သော်လည်း ၎င်းတာဝန်ယူနေသည့် ငြိမ်းချမ်ရေး လုပ်ငန်းစဉ် များနှင့် ဆက်စပ်မှု မရှိ သဖြင့်၎င်း အစီရင်ခံစာအား ဖတ်ကြား ထားခြင်း မရှိသဖြင့် တုန့်ပြန် ပြောဆို ပေးရန် ငြင်းဆို ခဲ့သည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/31912-2014-11-07-17-23-15

0 comments:

Post a Comment

အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်