AWU ရုံးမှ လူပ်ရှားမူ ဓါတ်ပုံအချို့များကို တင်ပြထားပါသည်။

Friday, November 7, 2014

ဘာသာစကား မပပျောက်ဖို့ ကိုယ်နှင့်အနီးစပ်ဆုံး မိခင်တိုင်းရင်းသား စာပေကို သင်ယူလေ့လာပါ

ကယား(ကရင်နီ)ပြည်နယ် အနေနဲ့ကြည့်မယ်ဆိုရင်လည်း တိုင်းရင်းသားမျိုးနွယ်စု ၉ မျိုးမှာ ကိုယ့်ရဲ့ ယဉ်ကျေးမှု ဘာသာစကား ၊ စာပေဆိုတာရှိကြပါတယ်။

တချို့မျိုးနွယ်စုတွေမှာတော့ စာပေရှိထားကြသလို တချို့မျိုးနွယ်စုတွေမှာတော့ စာပေမရှိသေးတာတွေ ရှိပါတယ်။  ကယားပြည်နယ်မှာ နေထိုင်ကြတဲ့  တိုင်းရင်းသားတွေအနေနဲ့ မိမိတို့မိခင်ဘာသာစကား မပပျောက်ဖို့ အခုကတည်းက လေ့လာ သင်ယူထားကြဖို့ လိုလာပါပြီ။
ယခု တိုင်းရင်းသားမျိုးနွယ်စုတွေထဲက ကယားစာပေကို ကြည့်မယ်ဆိုရင် စာပေ ၃ မျိုး ၃ စားနဲ့ကွဲနေကြ တာကို တွေ့ ရပါတယ်။  ပြည်တွင်းဘက်မှာက မြန်မာစာဗျည်းအက္ခရာနဲ့ တီထွင်ထားတဲ့စာကို အသုံးပြုနေကြပြီး ထိုင်း၊ ကယားနယ်စပ်နဲ့ နိုင်ငံခြားရောက်သူတွေက ဆရာကြီးထဲဘူးဖဲ တီထွင်ထားတဲ့စာကို အသုံးပြုကြပါတယ်။ ကက်သလစ်ဘာသာတွေမှာကတော့ ရောမအက္ခရာနဲ့ တီထွင်ထားတဲ့ စာကို အသုံးပြုနေကြ တာကိုလည်းတွေ့နေရပါတယ်။
ကယားစာတခုထဲမှာ ခုသုံးမျိုးသုံးစား ကွဲနေတဲ့အပေါ်မှာ နောက်တက်လာတဲ့မျိုးဆက်သစ် လူငယ်တွေအနေနဲ့ ဘယ်တခုကို ရွှေးချယ်သင်ယူလေ့လာသင့်လဲ ဆိုတဲ့စိန်ခေါ်မှုတခု မလွဲမသွေရှိလာနေပါတယ်။ အမှန်တော့ လူမျိုးတခုမှာ မိမိစာပေတခုရှိတာဟာ ပိုသဘာဝကျပါတယ်။

ဒါပေမဲ့ အခုလိုသုံးမျိုးသုံးစားကွဲနေတဲ့ အခြေအနေနဲ့ အချိန်ခါအောက်မှာ ကယားလူမျိုးတွေအတွက် တခုတည်းသော ဘုံစာပေတခုကို အတည်ပြု ဖြစ်ပေါ်လာတဲ့အခြေအနေမျိုးမှ သင်ယူမယ်ဆိုရင် ကျနော်/မတို့ ဘာသာစကားတွေ လူတကာအလည်မှာ ဆက်လက် ထိမ်းသိမ်းပြောဆိုနိုင်ဖို့ နောက်ကျ သွားပါလိမ့်မယ်။
ဒါကြောင့် ကယားတို့အတွက် ခုချိန်မှာ စာပေတွေ ဘယ်နှစ်မျိုးဘဲ ကွဲနေပါစေ ကိုယ့်တိုင်းရင်းသား ဘာသာစကား မပပျောက်သွားအောင်တော့ ကိုယ့်နဲ့အနီးစပ်ဆုံးမှာရှိနေတဲ့ စာပေတခုခုကို ယခုကတည်းက သင်ယူလေ့လာ ထားသင့်ပါတယ်။
ယခုဆိုရင် လူငယ်တော်တော်များများမှာ ကိုယ့်ရဲ့ မိခင်တိုင်းရင်းသားဘာသာ စကားကို ကျယ်ကျယ်ပြန့်ပြန့် မပြောတတ်ကြတော့ပါဘူး။
မူလတန်းအရွယ် ကလေးတွေမှာဆိုရင်တော့ ကိုယ့်ရဲ့ မိခင်ဘာသာစကားကို လုံးဝ နားမလည်တော့တဲ့အထိ ဖြစ်နေ တာကို နေရာတော်တော်များများ မှာလည်း တွေ့နေမြင်နေရပါတယ်။  ဒါတွေက ပတ်ဝန်းကျင်ရဲ့လွှမ်းမိုးမှုတွေနဲ့ မိဘဆွေမျိုးအသိုင်းအဝန်းတွေက ကိုယ့်ရဲ့ဘာသာစကားကို ပြောဆိုမှုတွေ အားနည်းလာလို့လည်း ဖြစ်ပါတယ်။
ကျောင်းတွေမှာဆိုရင် ကလေးငယ်တွေကို ဘာသာစကားသင်ကြားမှု လွယ်ကူအောင် အထောက်အကူ ပြုအောင်ဆိုပြီး မူလတန်းကျောင်းတွေမှာ သူငယ်တန်းမှအစ သင်ခန်းစာကို  စာလုံးပေါင်းတတ်ပုံတွေကိုတောင် မပေါင်းပြတော့ပဲနှင့် မြန်မာစကား မြန်မာဘာသာနဲ့ ဖိပြော ဖိသင်ပေးတာတွေ တွေ့နေရပါတယ်။
မြို့ပေါ်မှာနေတဲ့ ကလေးငယ်တွေက ပင်ကိုမိဘတွေက တိုင်းရင်းသားဖြစ်သော်ငှားလည်း မြန်မာစကား အပြောများတဲ့အတွက် ကလေးတွေမှာ အခက်မတွေ့ရပေမဲ့လို့ ကျေးလက်ကျေးရွာ တွေဘက်မှာနေတဲ့ ကလေးငယ်တွေအတွက်ကတော့ အခက်အခဲတွေ ရှိနေပါတယ်။
အဲဒီလိုတွေနဲ့ပင် ကိုယ့်ရဲ့ မိခင်ဘာသာစကား ပြောဆိုလာမှုအားနည်းလာတဲ့ အခြေအနေမှာဖြစ်လာပြီး တဖြည်းဖြည်းနဲ့ ကိုယ့်ရဲ့ဘာသာစကားက မေ့မေ့ပျောက်ပျောက် ဖြစ်ကုန်ကြတာဖြစ်ပါတယ်။
တကယ်တမ်းတော့ ကိုယ့်ရဲ့ တိုင်းရင်းသားဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းစဉ်လာဟာ ပြည်ထောင်စုရဲ့ အမွေအနှစ်တွေဖြစ်ပါတယ်။
ဒီအမွေအနှစ်တွေကို လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ပေးမှသာ တိမ်ကောပပျောက်မသွားဘဲ ခိုင်မြဲတည်တံ့ ရှင်သန်နေမှာဖြစ်ကြောင်းနဲ့ မျက်မှောက်ကာလမှာ တိုင်းရင်းသား လူငယ်မောင်မယ်တွေကို
တိုင်းရင်းသားဘာသာစကား၊ စာပေတွေ သင်ကြားပေးဖို့ လိုအပ်နေပြီဖြစ်တယ် ဆိုပြီးတော့ ဒုတိယ သမ္မတဒေါက်တာစိုင်းမောက်ခမ်းက မတ်လ ၁ ရက်နေ့က တိုင်းရင်းသား ဘာသာစကားသင်ကြားရေး ညှိနှိုင်းအစည်းအဝေးမှာ ပြောကြားသွားခဲ့ပါတယ်။
နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပသွားတဲ့ တိုင်းရင်းသားဘာသာစကား သင်ကြားရေးညှိနှိုင်း အစည်းအဝေးက မူလတန်းအောက်အဆင့် သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်း၊ ကျောင်းသား၊ ကျောင်းသူ တွေကို တိုင်းရင်းသားစာ သင်ကြားနိုင်ရေး အတွက် ကျောင်းသုံး စာအုပ်တွေထဲပါတဲ့ သင်ခန်းစာတွေကို မွန်၊ စကောကရင်၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ ကယား၊ ကယော၊ ကယန်း၊ ပလောင်၊ လားဟူ၊ တီးတိန်ချင်း၊ ဟားခါးချင်း၊ ဖလမ်းချင်း၊ တိုင်းလုံရှမ်း၊ ဂုံရှမ်း၊ တိုင်းလိုင်ရှမ်း၊ တိုင်းခန္တီးရှမ်း၊ တိုင်းဆာရှမ်း၊ ဂျိန်းဖောကချင်၊ လာချိဒ်ကချင်၊ ရဝမ်ကချင်၊ လီဆူး ကချင်၊ ဇိုင်ပါးကချင်၊ လော်ဝေါ်ကချင်၊ ရခိုင်၊ မြို (ခေါ်) ခမီ၊ သက်၊ ပအို့ဝ်၊ ဓနု၊ အင်းသား စာပေတွေနဲ့ အဖွဲ့လိုက် စတင် စုစည်းနေကြပြီ ဖြစ်ပါတယ်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၂ မှာ နိုင်ငံတော်က တိုင်းရင်းသား ဘာသာစကား ၊ စာပေ ၊ အနုပညာ ၊ ယဉ်ကျေးမှုတို့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။
ဒါ့အပြင် ပုဒ်မ-၃၅၄ ပုဒ်မခွဲ(ဃ)အရ တိုင်းရင်းသား လူမျိုးတစ်မျိုး နှင့် တစ်မျိုး(သို့မဟုတ်) တိုင်းရင်းသားလူမျိုး အချင်းချင်း ကိုလည်းကောင်း၊ အခြားဘာသာ သာသနာကိုလည်းကောင်း ထိခိုက်နစ်နာမှုမရှိစေဘဲ မိမိ ချစ်ခင်မြတ်နိုးတဲ့ စကား၊ စာပေ၊ ယဉ်ကျေးမှုကိုးကွယ်တဲ့ ဘာသာသာသနာနှင့် ဓလေ့ထုံးထမ်းတွေ လွတ်လပ်စွာ ဆောင်ရွက် ပိုင်ခွင့်ရှိတယ် လို့လည်း ဖော်ပြ ထားပြီးဖြစ်ပါတယ်။
အထက်မှာ အခွင့်အရေးတွေ အခွင့်အလမ်းတွေ ပေးထားပြီဖြစ်တယ်ဆိုပေမယ့် ကယား(ကရင်နီ)စာပေအနေနဲ့ ၃ ခုထဲက ဘယ်စာက အကောင်းဆုံးလဲဆိုတာထက် ဘယ်စာကိုဘဲ အသုံးပြုသည်ဖြစ်ပါစေ ယခုအချိန်မှာ ဘာသာစကား မပပျောက်သွားဖို့ အရေးကြီးနေပါတယ်။
ယနေ့ကယားပြည်နယ်မှာ မိမိတို့တိုင်းရင်းသားဘာသာစကားမပျောက်ဖို့ အခုကတည်းက ထိန်းသိမ်းဖို့ လိုပါပြီ။ ကယားစာပေမှာ ၃ ခုကွဲနေတာ နေရာဒေသအလိုက် အသုံးပြုနေကြတာဆိုတော့ အခုချိန်မှာ စာပေတခုတည်း ဖြစ်လာတဲ့အချိန်အထိ စောင့်မနေကြပဲနဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေအနေနဲ့ ဘယ်စာကို ရွေးမလဲဆိုတာထက် ကိုယ့်ပါတ်ဝန်းကျင်မှာ နီးစပ်ဆုံး စာကို သင်ယူလေ့လာထားဖို့က ပိုအရေးကြီးကြောင်း တင်ပြလိုက်ပါတယ်။

0 comments:

Post a Comment

အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်