Written by Mizzima News
ယမန်နေ့သည် သတင်းစာ တစ်စောင်အတွက် ဝမ်းသာမည်ဆိုလျှင် ဝမ်းသာစရာ
ကောင်းနေခဲ့သည်။ မြန်မာနိုင်ငံအတွက် အရေးတကြီးနှင့် ထိပ်တန်းသတင်းများ (ဝါ)
သတင်းစာကြိုက် သတင်းများ ရှိခဲ့သောကြောင့် ဖြစ်သည်။ သတင်းစာများက လူထုကို
တစ်ခါတစ်ရံ ရှေ့ဆောင်ကြသလို တစ်ခါတလေလည်း လူထုအကြိုက်ကို လိုက်ရသည်။
သတင်းကို အရင်းအတိုင်းပေးသလို ခွဲခြမ်းစိတ်ဖြာ စဉ်းစားစရာလည်း ပေးရသည်။
စစ်တပ်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသော နိုင်ငံသားတစ်ဦး၊
အလွတ်သတင်းထောက်တစ်ဦး၊ အတိုက်အခံနိုင်ငံရေး အင်အားစုနှင့် နီးစပ်ခဲ့သူ
နိုင်ငံရေး နောက်ခံရှိသူ ကိုပါကြီးအလောင်းကို ပြန်ဖော်ကြသည်။ စစ်တပ်သည်
ဘာကြောင့် လူတစ်ဦးကို အတင်းကာရော သတ်ဖြတ်ပစ်ခဲ့သနည်း။အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ခေါင်းဆောင် တစ်ဦးဖြစ် စက်မှု (၁) ဝန်ကြီးဟောင်း ဦးအောင်သောင်းကို အမေရိကန် သမ္မတ အိုဘားမား၏ မကြာခင် လာရောက်မည့် ခရီးစဉ် မတိုင်ခင် ရက်ပိုင်းအလိုတွင် နာမည်ပျက်စာရင်း သွင်းလိုက်သည်။ နာမည်ပျက် စာရင်းအသွင်းခံရသူ ဦးအောင်သောင်းဂယက်က သားဆီသို့ ကူးသည်၊ သားဖြစ်သူက ယူနိုက်တက်အမရ ဘဏ် သူဌေး ဖြစ်နေသည်။ အဖေနှင့်သား ပယောဂနှစ်ခုပေါင်းပြီး ဘဏ်ဝန်ဆောင်မှု ယူထားသူတို့က အပ်နှံငွေများ ပြန်ထုတ်ကြသည်။ ဤတွင် ဘဏ်ကချက်ချင်း ထရှင်းရသည်။
သမ္မတဦးသိန်းစိန်သည် 'မိဘပြည်သူများ ခင်ဗျား' အစချီ လစဉ်ရေဒီယို မိန့်ခွန်းကို ပုံမှန်ရက်တွင် မပြောနိုင်လောက်သည်အထိ နိုင်ငံရေး အကျပ်အတည်း ဆိုက်သွားခဲ့ရသည်။ သမ္မတ၏ မိန့်ခွန်းတွင်ပင် ထိုအကြောင်းကို ထုတ်ဖော်ပြော ကြားထားသည်။ သမ္မတက ပါးတော့ပါးသည်၊ သူတစ်ယောက်တည်း အကျပ်ဆိုက်နေတာ မဟုတ်၊ နိုင်ငံရေး အင်အားစုအားလုံး စိန်ခေါ်မှုကြုံနေရသည်ကို ပြောသည်။
နိုင်ငံရေးအကျပ်ဆိုက်နေတာကိုတော့ နိုင်ငံရေးနားလည်သူတိုင်းက သိပြီးဖြစ်သည်၊ ထူးခြားသည်က အမေရိကန် သမ္မတ အိုဘားမားကြောင့် သမ္မတ၏ ရခိုင်အရေး ရပ်တည်ချက် ပြောင်းသွားခြင်း ဖြစ်သည်။ ရခိုင်အရေး သမ္မတ၏ အပြောများကြောင့် လူထုထောက်ခံမှု အမှတ်ရုတ်ချည်း တက်ခဲ့ဖူးသည်။ သမ္မတ ကို ဒေါ်အောင်ဆန်းစုကြည်ထက် ပြတ်သားသူဟု မြင်ခဲ့ကြဖူးသည်။ အနှီသမ္မတက ယခုအခါ လူ့အခွင့်အရေးကို ဗန်းတင် ပြောပြန်သည်။
နိုင်ငံသားဖြစ်ဖြစ် မဖြစ်ဖြစ် လူသားတစ်ဦးချင်း နှုန်းစံဖြင့် ကြည့်ရမည်ဟု သမ္မတဦးသိန်းစိန်က ပြောသည်။ အမေရိကန်တို့ အကြိုက်ဖြစ်နေသည်။ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တို့က သမ္မတ ပြောပုံဆိုပေါက် ပြောင်းလဲသွားသည်ကို ကြိုက်ပုံမရပါ။ လူသားအခွင့်အရေး လူ့အခွင့်အရေးကို မဇ္ဈိမက ယုံကြည်ပါသည်၊ သမ္မတ၏ နိုင်ငံရေး ကစားကွက်ကိုသာ ထောက်ပြလိုရင်း ဖြစ်သည်။
လေးပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲကို တောင်းဆိုခဲ့သူ ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန် သတင်းစာဆရာတို့နှင့် တွေ့ဆုံပွဲကလည်း ထင်သလောက် မထူးသည်ကို တွေ့ရသည်။ တပ်မတော်က နာဂစ်ဖွဲ့စည်းပုံ အခြေခံဥပဒေဟု လူသိများသည့် ဥပဒေပါ ပုဒ်မ ၄၃၆ ကို မပြင်ပါဟု ပြောသည့်နောက် လူထုပါတီဟု အမည်သညာယူထားသည့် ဒေါ်အောင်ဆန်းစုကြည်တို့ပါတီက ဘယ်လမ်းကနေ ဘယ်စခန်းသွား မည်လဲကို သတင်းသမားတို့ စိတ်ဝင်စားသည်၊ ပြည်သူများအတွက် မေးကြမြန်းကြသည်။ သို့သော် ကမ္ဘာ့တန်းဝင် သတင်းသမားများကိုပင် အယောင်ယောင် အမှားမှားဖြစ်အောင် စေစားနိုင်သူ အင်န်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တွင် ခိုင်မာသော အဖြေစကားနှင့် ရှင်းလင်းသော အနာဂတ်ခြေလှမ်း ရှိပုံမရ
သေးပါ။
မဇ္ဈိမသည် အလယ်လမ်းကို ကြိုက်သည်၊ ရှဥ့်လည်းလျှောက်သာ ပျားလည်းဆွဲသာ အခြေခံကို ကြိုက်သည်။ ကွယ်လွန်ပြီးသူ ကိုပါကြီးကိုလည်း သမ္မတ ဦးသိန်းစိန်ပြောသည့် လူသားသိက္ခာ ရစေလိုသည်။ နိုင်ငံသားတစ်ယောက် ဘဝနောက်ဆုံးခရီး ဘယ်လိုနေခဲ့၍ ဘယ်လိုသေသွားခဲ့သည်ကို ယုံကြည်ထိုက်သော လုပ်ရပ်များဖြင့် ပြည်သူများကို အစီရင်ခံစေချင်သည်။ လူ့ဂုဏ်သိက္ခာမဲ့ လက်နက်အားကိုးဖြင့် အနိုင်ကျင့်ခဲ့သူများကို ပြင်းပြင်းထန်ထန် အရေးယူစေချင်သည်။
အာဏာရပါတီခေါင်းဆောင်ဖြစ်ဖြစ် အတိုက်အခံပါတီ ခေါင်းဆောင်ဖြစ်ဖြစ် မြန်မာတွင်ရော ကမ္ဘာတွင်ပါ နာမည်ပျက်သူများ (ဝါ) နာမည် ပျက်စာရင်းထည့် သွင်းခံရသူများ မဖြစ်စေလိုပါ။ ခေါင်းဆောင်မှန်လျှင် ခေါင်းဆောင်စိတ်ထားနှင့် စိတ်ထားကြည်ပြီး စကားတည်စေလို ပါသည်။ခေါင်းဆောင်များတွင် ပြည်သူ၏ ဖိအား၊ ပြည်ပ၏ဖိအားများကား ရှိမည်ချည်းသာ ဖြစ်သည်။ ပြည်သူများကိုတော့
မထီလေးစားလုပ်ပြီး ကျန်တာကို လေးစား လိုက်လျောနေရသည့် ခေါင်းဆောင်များ မဖြစ်စေလိုပါ။ တစ်ဖက်တွင်လည်း ပြည်သူ့အားကို အရင်းတည်ပါသည်ဆိုပြီး ပြည်သူ့အားများ အချည်းနှီး ဖြစ်သွားစေမည့် အနေအထားများကိုလည်း ရှောင်ရှားစေလိုပါသည်။ ခေါင်းဆောင် စစ်တို့၏ ပုံရိပ်မှန်ဖြင့် ပြည်သူကိုသာ သစ္စာခံ ဆောင်ရွက်ကြပါမည့် အကြောင်း မဇ္ဈိမက သတိပေးတိုက်တွန်းသည်။
http://www.mizzimaburmese.com/2013-10-20-17-18-22/2013-10-20-16-34-59/item/31752-2014-11-06-01-16-44
0 comments:
Post a Comment
အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်