Written by နန်းမြင့်၊ ရွှေရည်ဝင်းထက်
ရန်ကုန် (မဇ္ဈိမ) ။ ။ တန်ဆောင်မုန်းလပြည့်နေ့ နိုဝင်ဘာလ ၆ ရက် နံနက်
၆ နာရီခွဲက ရန်ကုန်တွင် လေဆင်နှာမောင်း ဝင်ရောက် တိုက်ခိုက်ခဲ့သဖြင့်
လှိုင်မြို့နယ်၊ အမှတ် ၁၃ ရပ်ကွက်နှင့် ၁၆ ရပ်ကွက်တို့တွင် အိမ်ထောင်စု ၇၀
ကျော်၏ နေအိမ်များ အမိုးလန်ခြင်းနှင့် သစ်ပင်ပိ ပျက်ဆီးခဲ့ရသည်။

ရန်ကုန်မြို့
လှိုင်မြို့နယ် အင်းစိန်လမ်းမတစ်လျှောက်တွင် နိုဝင်ဘာလ ၆ ရက် နံနက်ပိုင်းက
လေဆင်နှာမောင်း တိုက်ခတ်ခဲ့မှုကြောင့် ပျက်စီးခဲ့သော အပျက်စီးများအား
ပြန်လည်ရှင်းလင်းနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
အဆိုပါ လေဆင်နှာမောင်း တိုက်ခတ်ခဲ့ခြင်းကြောင့် ထိုရပ်ကွက်နှစ်ခုတွင်
နေအိမ်များပေါ်သို့ သစ်ပင်များ ပြိုလဲခြင်း၊ နေအိမ်အမိုးလန်ခြင်း၊
သစ်ပင်များ လဲခြင်း၊ ဓါတ်တိုင်များ ကျိုးကျခြင်း၊ လဲခြင်းနှင့်
ဖုန်းတိုင်များ လဲကာ ဖုန်းကြိုးများ ပျက်ဆီးခဲ့ခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။လှိုင်မြို့နယ် အထောက်အကူပြုအဖွဲ့မှ ဦးသိန်းစိုးက “ဒီနားလေးကွက်ပြီး လမ်းကြောင်းကြသွားတော့ လမ်းကြောင်းထဲကြတဲ့ သစ်ပင်တွေက လဲတော့ ဓာတ်ကြိုးလိုင်းတွေ ပြိုကြပြီး လမ်းတွေ ပိတ်သွားတယ်။ တိုင်းလျှပ်စစ် အီးပီစီက လာပြီးလုပ်နေကြတယ်။ ညနေတော့ မီးလင်းမယ်လို့ ပြောတယ်” ဟု ပြောသည်။
လှိုင်မြို့ နယ်တွင် နေထိုင်သူ ကောင်းစုဖက်ရှင်မှ ဒေါ်ငယ်က “တော်တော်ဆိုးဆိုးဖြစ်သွားတယ်။ အချိန်က ငါးမိနစ်လောက်ပဲ ကြာတယ်။ ဝူး ဝူးဆို ငါးမိနစ်၊ ခြောက်မိနစ်လောက်ပဲ ကြာတယ်။ သစ်ပင်တွေ အကုန်ကျိုး၊ ဓါတ်တိုင်တွေ အကုန်ကျိုး၊ အန်တီတို့က ဆင်းကြည့်တာ။ မနက်ကကားတို့ ဘာတို့ သွားလို့မရဘူး။ ဘယ်သူမှလည်း သွားလို့မရဘူး’’ဟု ပြောသည်။
အဆိုပါ လေဆင်နှာမောင်းကြောင့် လှိုင်မြို့နယ် ရပ်ကွက်နှစ်ခုအတွင်းမှ နေအိမ် ၆၈လုံး အမိုးလန်ပြီး သစ်ပင်ကြီးများ ပိကာ နေအိမ်သုံးလုံး ပြိုကျခဲ့သော်လည်း လူထိခိုက်မှု မရှိဟု လှိုင်မြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်နိုင်က ပြောသည်။ ယင်းအပြင် လှိုင်မြို့နယ် ရန်ကုန်-အင်းစိန်လမ်းနှင့် ပါရမီလမ်းဘေးရှိ လျှပ်စစ်မီးတိုင် ၃၀ခန့်မှာ ပြိုလဲ ပျက်ဆီးသွားသည်ဟု ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့ ဗဟန်းမြို့ နယ်အုပ်ချုပ်ရေးမှူး ဦးရင်မိုးက မဇ္ဈိမကို ပြောသည်။
“အာအေအိုင်ခွဲရုံဆိုတာရှိတယ်။ အဲဒီကို ပေးတဲ့ ၆၆ ကေဗွီလိုင်းကြီးကို ရအောင် ဦးစား ပေးလုပ်ပေး နေတယ်။ အဲဒါပြီးမှ ၃၃လိုင်း၊ ၆.၆လိုင်း တစ်ဆင့်ပြီးတစ်ဆင့်၊ နောက်ဆုံး ၄၀၀ ဗို့လိုင်း အိမ်တွေကို မီးပေးဖို့ ပြန်ရအောင်လုပ်နေတယ်။ ဒီနေ့ မီးပြန်ရအောင်အတတ်နိုင်ဆုံး ကြိုးစားနေတယ်။ ကြိုးတွေနာသွာတဲ့ဟာတွေကို လဲဖို့လုပ်နေတယ်”ဟု ပြောသည်။
အဆိုပါ ဓါတ်တိုင်များပြိုလဲခဲ့သဖြင့် လေဆင်နှာမောင်းတိုက်ပြီးနောက် နံနက် ၆ နာရီခွဲကျော် တွင် လျှပ်စစ်မီး ပြတ်တောက်သွားခဲ့ရသည်။
မုန်တိုင်းကြောင့် သက်ရောက်သည့် မိုးဖြစ်သည့်အတွက် ၂၄နာရီပတ်လုံးရွာသွန်းခဲ့ခြင်းကြောင့် မြေပျော့ကာ လေဆင်နှာမောင်းတိုက်ခတ် ချိန်တွင် သစ်ပင်များ ပြိုလဲခဲ့ရခြင်းဖြစ်သည်ဟု ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ မြောက်ပိုင်းခရိုင်မှ ပန်းဥယျာဉ်ဌာနမှူး ဦးမျိုးသိန်းက ဆိုသည်။
မရမ်းကုန်မြို့နယ် ကြက်ခြေနီအဖွဲ့မှ ဒုတပ်ရင်းမှူး ဦးမောင်မောင်မြင့်က“မရမ်းကုန်းဘက် လည်း ထိတယ်။ လှိုင်ဘက်ခြမ်းကတော့ များတော့ အရေးပေါ်ကယ်တယ်ရေးအဖွဲ့က ဖြစ်တဲ့နေရာမှာ လာပြီး ဒဏ်ရာရသူတွေကို ပြုစုပေးတယ်။ နှစ်ယောက်၊ သုံးသောက်လောက်ပဲ ခလုပ်တိုက်လို့ ရှတာ။ သံပြား ရှတာတွေပဲ ရှိတယ်”ဟု ပြောသည်။
အဆိုပါလေဆင်နှမောင်းတိုက်ခတ်မှုဖြစ်ပွားခဲ့သည့်နေရာများတွင် ရန် ကုန်တိုင်းလျှပ်စစ်ဓာတ် အားပေးအဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ ၀င်များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ၀န်ထမ်းများက ရှင်းလင်းဆောင်ရွက်လျှက်ရှိသည်။
ယခုရက်ပိုင်း မိုးရွာသွန်းမှုများမှာ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် မုန်တိုင်းငယ်ဖြစ်ပေါ်မှု၏ အကျိုးဆက်ဖြစ်ပြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ယနေ့ နိုဝင်ဘာ ၆ ရက် ညနေ ၃ နာရီအချိန် ထုတ်ပြန်ချက်အရ ထိုမုန်တိုင်းငယ်သည် ၂၄နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအစ်သို့ ရောက်ရှိမည်ဟု ကြေငြာထားသည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/31813-2014-11-06-11-19-23
0 comments:
Post a Comment
အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်