AWU ရုံးမှ လူပ်ရှားမူ ဓါတ်ပုံအချို့များကို တင်ပြထားပါသည်။

Friday, February 6, 2015

တုတ်နှောင်ခြင်းခံနေရသည့် နိုင်ငံရေးယဉ်ကျေးမှုသစ်


ယခုတလော မန္တလေးမှစတင်ထွက်ခွာလာနေသည့် ကျောင်းသားများ၏ ဆန္ဒပြလမ်းလျှောက်ပွဲကို မိမိတို့ ပြည်သူများ စိတ်ဝင်းစားမှုအပြည့်နှင့် စောင့်ကြည့်နေကြရပါသည်။ အထူးသဖြင့် ကျောင်းသားများ ခရီးအတော်အတန် ရောက်သည်အထိ တိုင်းပြည်တာဝန်ရှိသူမျာက ထိရောက်သည့် အရေးယူဆောင်ရွက်ဖြေရှင်း ပေးသည့် အခြေအနေမျိုးကိုမူ
မတွေ့ရသေးချေ။ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးညှိနှိုင်းဆောင်ရွက်ရန်ကိစ္စ မှာလည်း ပြည်ထောင်စုနေ့နောက်ပိုင်းကျမှသာ ထပ်မံဆွေးနွေးတောမည်ဖြစ်ကြောင်း သိရပါသည်။
အစိုးရတာဝန်ရှိသူများဘက်က အကြောင်းပြချက်ကမူ အနှစ်ချုပ်ပါက အခြားအရေးကြီးကိစ္စများ ဆောင်ရွက်ရန် ရှိနေသေးသဖြင့် ရွှေ့ဆိုင်းရခြင်းဖြစ်ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် ကျောင်းသားများ ဖြတ်သန်းလာခဲ့ရာ လမ်းတစ်လျှောက် အုပ်ချုပ်ရေးတာဝန်ရှိသူ တချို့ကလည်း ကျောင်းသားများကို လမ်းခု လတ်မှာတွင် တားဆီးဟန့်တားရန် ကြိုးပမ်းနေပြီး တချို့ အုပ်ချုပ်ရေး တာဝန်ရှိသူများက ဆိုလျှင် ကျောင်းသား များ ယခုလိုလမ်းလျှောက်ဆန္ဒပြသည့်ကိစ္စကို ဥပဒေချိုးဖောက်သည့် လုပ်ရပ်ဖြစ်သည်ဟု ထုတ်ဖော်သတိ ပေးသလိုလို၊ ခြိမ်းခြောက်သလိုလို ထုတ်ဖော်ပြောဆိုနေကြပြန်ပါသည်။
ကျောင်းသားများကလည်း လက်ရှိပြဋ္ဌာန်းလိုက်သည့် အမျိုးသားပညာရေးဥပဒေသည် ဒီမိုကရေစီစံနှုန်းများ နှင့် မကိုက်ညီဟုဆိုကာ ပြင်ဆင်ပေးရန် ဆက်လက်တောင်းဆိုနေပြီး ရည်မှန်းချက်အောင်မြင်သည်အထိ ဆက်လက် ချီတက် ဆန္ဒပြသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုနေကြပါသည်။
ကျောင်းသားများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများအကြား တွေ့ဆုံညှိနှိုင်းအဖြေရှာရေးလုပ်ငန်းမှာ ယခု အတိုင်းဆိုလျှင် မူအရ မဟုတ်သည့်တိုင် မမျှော်လင့်သောပြဿနာများ ပေါ်ပေါက်လာကာ ကျိုးပျက်သွားတော့ မည်လောဟူသည့် တွေးတောပူပန်မှုများဖြင့် မိမိတို့ပြည်သူများ စိုးရိမ်ကြောင့်ကြ ဖြစ်ကြရပါသည်။
ယခုလို ကျောင်းသားနှင့် အစိုးရအကြား တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာရေး မစတင်မှာပင် ကျောင်းသားများအပေါ် အစိုးရနှင့်ပတ်သက် ယှက်နွယ်သည့် ပုဂ္ဂိုလ်များထံမှလည်းကောင်း၊ အစိုးရဘက်မှာ တလျှောက်လုံး ရပ်တည်လာခဲ့သည့် မီဒီယာများမှလည်းကောင်း တရားဝင်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆန္ဒပြကျောင်း သားအပေါ် ပြစ်တင်ရှုတ်ချသောအသံများ၊ ကျောင်းသားများထဲတွင် အခြားကျောင်းသားနှင့် မသက်ဆိုင် သောလူများ ပါဝင်နေသည်ဟူ၍လည်းကောင်း၊ ကျောင်းသားများ ယခုလိုလမ်းလျှောက်ဆန္ဒပြခြင်းသည် တည်ဆဲဥပဒေများကို ချိုးဖောက်ခြင်းဖြစ်သဖြင့် ဥပဒေအရ အရေးယူ၍ရသည်ဟူ၍လည်းကောင်း ပြောဆိုမှုများ ဆက်တိုက်ဆိုသလို ကြားလာရပါသည်။
အမှန်အားဖြင့်ဆိုလျှင် သက်ဆိုင်ရာတာဝန်ရှိသူများသည် လေးပွင့်ဆိုင်တွေ့ဆုံ ညှိနှိုင်းရေးကို အချိန်မဆိုင်းသင့်ပါ။ အကယ်၍ ရွှေ့ဆိုင်းသည်ဆိုလျှင်လည်း ရွှေ့ဆိုင်းထားသည့် ကာလအတွင်း ကျောင်းသားများနှင့် အမြင်အယူအဆ ပိုမိုကွဲပြားစေမည့်အဖြစ်နှင့် ဖြေရှင်းရပိုမိုခက်ခဲစေမည့် အပြုအမူအပြောအဆိုများကို ပိတ်ပင်တားဆီး ရန်ပင်သင့်ပေသည်။ မိမိတို့ တွေ့ဆုံဆွေးနွေးမည့် တစ်ဖက်ကျောင်းသားများနှင့် အပြန်အလှန် နားလည်မှု၊ အပြန်အလှန် လေးစား အသိအမှတ်ပြုမှုနှင့် ငြိမ်းချမ်းစွာ တွေ့ဆုံညှိနှိုင်းအဖြေရှာရေး နိုင်ငံရေးယဉ်ကျေးမှုသစ်၏ အခြေခံသဘောထားများ အရသာရပ်တည်ပြုမူ ပြောဆိုသင့်သည်ဟု ယူဆရပါသည်။
လွန်ခဲ့သောလပိုင်းအတွင်းက နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်က မိမိတို့တိုင်းပြည်တွင် နိုင်ငံရေး ယဉ်ကျေးမှုသစ်ကို စတင် ကျင့်သုံးနိုင်ခဲ့ပြီ ဖြစ်သည်ဟု တိုင်းပြည်ကို ဖွင့်ဟထုတ်ဖော်ပြောဆိုသွားခဲ့ပါသည်။ သို့သော် ဆက်တိုက်ဆိုသလို ဖြစ်ပွားလာနေသော သွေးမြေကျရသည်အထိ ဖြစ်ပွားလျက်ရှိနေသည့် လူထုဆန္ဒပြမှု များ၊ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတချို့ သေနတ်ပြန်ပေါက်မှုများသည် သမ္မတကြီးထုတ်ဖော် ပြောဆိုခဲ့သည့်စကားကို ပြန်လည်စိမ်ခေါ်လိုက်သည့်ပြဿနာများဖြစ်သည်ဟု ဆိုနိုင်ပါသည်။ တနည်းအားဖြင့် ဆိုလျင် မိမိတို့တိုင်းပြည်တွင် နိုင်ငံရေးယဉ်ကျေးမှုသစ် စတင်အခြေတည်ခဲ့ပြီဟူသော စကားအပေါ် လက်ရှိဖြစ်ပေါ်နေသော အဖြစ်အပျက်များက အလုပ်မဖြစ်အောင် တုတ်နှောင်ထားသလိုများ ဖြစ်ခဲ့ပြီလော ဟု မေးခွန်းထုတ်ရမလို ဖြစ်နေကြောင်း တင်ပြလိုက်ရပါသည်။
http://www.mizzimaburmese.com/2013-10-20-17-18-22/2013-10-20-16-34-59/item/38421-2015-02-05-06-51-11

0 comments:

Post a Comment

အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်