AWU ရုံးမှ လူပ်ရှားမူ ဓါတ်ပုံအချို့များကို တင်ပြထားပါသည်။

Friday, February 6, 2015

ပြည်သူကို စိတ်မချမ်းမြေ့အောင် လုပ်သူတွေကို မဲမပေးကြနဲ့


ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်က ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ရန်ကုန်တိုင်း အမတ် ဦးဖုန်းမြင့်အောင်က တောင်ဥက္ကလာပမြို့နယ်က ပန်းခြံနှစ်ခုမှာ ကားပါကင်ဆောက်မယ့် ကိစ္စမေးမြန်းခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ ဖေဖော်ဝါရီလ ၃ ရက်က လုပ်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာလည်း
အင်န်အယ်လ်ဒီအမတ် ဒေါ်ခင်စန်းလှိုင်က ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက ပေးပို့တဲ့ စစ်ဆေးတွေ့ရှိချက်အပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီရဲ့ လေ့လာသုံးချက် အစီရင်ခံစာ ဆွေးနွေးစဉ် အားကစား ဝန်ကြီးဌာနကနေ သမိုင်းဝင် ကျိုက္ကဆံကွင်းကို ရောင်းစားတဲ့ကိစ္စ မေးခွန်း ထုတ်ခဲ့ပါတယ်။ ရန်ကုန်တိုင်း အစိုးရအပါအဝင် ပြည်ထောင်စု အစိုးရဟာ အများပြည်သူပိုင် ပန်းခြံတွေ၊ အားကစားကွင်းတွေကို ထိန်းသိမ်းနေပါတယ်၊ အဆင့်မြှင့်တင်ပေးနေပါတယ်လို့ ပြောနေပြီး တကယ့်ဖြစ်ရပ်မှာတော့ ကိုယ်ကျိုးစီးပွားမကင်းတဲ့ စီးပွားရေးလုပ်ငန်းလုပ်ဖို့ ခွင့်ပြုနေတာတွေ၊ ရောင်းစားနေတာတွေကို ဆက်တိုက် လုပ်ကိုင်လာနေတာ တွေ့ရပါတယ်။ ဒီကနေ့ အဲဒီအကြောင်း ဝေဖန်သုံး သပ်ကြည့်ရအောင်ပါ။
အမျိုးသားလွှတ်တော်မှာ ဦးဖုန်းမြင့်အောင် တင်ပြမေးမြန်းချက် အပြည့်အစုံက ခုလိုပါ။ ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့ဆိုတာ ၁၉၅၈ ခုနှစ်ကတည်းက တည်ထောင်ထားတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ အဲဒီ မြို့တည်စဉ်ကတည်းက တာဝန်ရှိသူတွေဟာ ပြည်သူတွေ အပန်းဖြေဖို့ မြေနေရာလွတ် နှစ်ခု ချန်ထားပေး ခဲ့ပါတယ်။ ရတနာလမ်းနဲ့ သုမင်္ဂလာလမ်းဒေါင့်က မြေကွက်နှစ်ခုဖြစ်ပြီး အရင်စစ်အစိုးရ လက်ထက် ၁၉၉ဝ မှာ ရတနာနဲ့ မြသီတာလို့နာမည်ပေးခဲ့တဲ့ ပန်းခြံ နှစ်ခုပါ။ ပန်းခြံဆိုပေမယ့်လည်း ဘာမှ မယ်မယ် ရရ ပြုပြင်တည် ဆောက်ပေးထားတာ မရှိဘဲ အရက်ဆိုင်၊ ဘီယာဆိုင်၊ ထမင်းဆိုင် ဖွင့်ခွင့်ပေးထားတဲ့ နေရာတစ်ခုသာ ဖြစ်ခဲ့ပါတယ်။
ခုလို ပြည်သူတွေ စုဝေးနိုင်တဲ့ တရားပွဲတွေ၊ စာပေဟောပြောပွဲတွေ၊ တေးဂီတပွဲတွေ၊ အားကစားပွဲတွေ၊ နိုင်ငံတော် အခမ်းအနားတွေ ကျင်းပနိုင်တဲ့ ဒီပန်းခြံမြေနေရာမှာ ရန်ကုန်စည်ပင်က အထပ်မြင့်ကားပါကင် လုပ်ဖို့ တည်ဆောက်နေပြီလို့ ဆိုပါတယ်။ ဘာကြောင့် ခုလိုကားပါကင် တည်ဆောက်ရသလဲဆိုရင် လက် ရှိမြို့တော်ဝန်ဟာ ဂျပန်မှာ နေထိုင်ခဲ့ဖူးသူ ဖြစ်တဲ့အကြောင်း၊ ဂျပန်မှာ တွေ့ရတဲ့ ကားပါကင် အပေါ်ဆုံးမှာ အပန်းဖြေ ကစားကွင်းတွေ၊ ပန်းခြံငယ်တွေ လုပ်ထားတာကို သဘောကျလို့ ဒီမှာလည်း အဲလိုအကောင် အထည်ဖော်တာပါလို့ စုံစမ်းသိရှိရတဲ့ အကြောင်းပြောပါတယ်။ ဦးဖုန်းမြင့်အောင်ကတော့ ဒါမဖြစ်နိုင်တဲ့ အကြောင်း၊ ဂျပန်မှာ မြို့တော်ဝန် မြင်ခဲ့တာဟာ ကားပါကင်ပေါ်မှာ အပန်းဖြေစရာ ပန်းဥယျာဉ်လေးတွေ လုပ်တာ ဖြစ်တဲ့အကြောင်း၊ အများပြည်သူပိုင် ပန်းခြံတွေကို ကားပါကင် ပြောင်းပစ်တာမျိုး ဟုတ်ဟန် မတူဘူးလို့ ဝေဖန်ပါတယ်။
ဒီအတွက် ဦးဖုန်းမြင့်အောင်ကဆက်ပြီး စုံစမ်းရာမှာ မြို့တော်စည်ပင် တာဝန်ရှိသူက ရပ်ကွက်နေ ပြည်သူတွေရဲ့ သဘောထားဆန္ဒကို ဆာဗေးကောက်ပြီးအများ ဆန္ဒရှိလို့ ခုလို ကားပါကင် လုပ်ရတာပါလို့ ဆိုပါတယ်။ ဒါနဲ့ တောင်ဥက္ကလာသား အမျိုးသားလွှတ်တော် အမတ်တစ်ယောက်ဖြစ်တဲ့ သူကိုယ်တိုင် မသိတဲ့ ကိစ္စ တကယ့်ပြည်သူတွေရဲ့ သဘောထား အစစ်အမှန် ဘာဖြစ်သလဲဆိုတာ သိရဖို့ ဦးဖုန်းမြင့်အောင် တစ် ယောက်၊ ကိုယ်တိုင်ဆာဗေးကောက်ပါတော့တယ်။ သူလေ့လာမေးမြန်းတဲ့သူ အယောက် ၄ဝဝ ဝန်းကျင် မှာ ကားပါကင်ဆောက်တာကို သဘောတူသူ တစ်ယောက်ပဲ တွေ့ရတဲ့အကြောင်း၊ ကျန်တဲ့သူ အားလုံးက တော့ ခုလိုပန်းခြံမြေနေရာမှာ ကားပါကင်ဆောက်တာကို သဘောမတူတဲ့အကြောင်း၊ အများပြည်သူ အတွက် ထားတဲ့ သဘာဝပတ်ဝန်းကျင်ကောင်းတစ်ခု ပျောက်ကွယ်သွားမှာ ဖြစ်တဲ့အတွက် စိတ်နှလုံး ထိ ခိုက်တဲ့အကြောင်း ရှင်းပြပါတယ်။ ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း အစိုးရကိုယ်စား သမ္မတရုံး (၁) ဒုဝန်ကြီး ပြန်ဖြေပါတယ်။ သူဖြေတာက အဲဒီ ပန်းခြံတွေ အခြေအနေမကောင်း ယိုယွင်းနေစဉ်တုန်းက ဦးဖုန်းမြင့်အောင်နဲ့ ရန်ကုန်တိုင်း လွှတ်တော်အမတ် ဦးမျိုးမင်းအောင်တို့က ပန်းခြံကို အဆင့်မြှင့်ပေးဖို့ ရှိ မရှိ မေးမြန်းခဲ့တဲ့အကြောင်း၊ ရန်ကုန်တိုင်း လွှတ်တော်မှာ မေးတာကိုတော့ တာဝန်ရှိသူက အဆင့်မြှင့် မယ့် အစီအစဉ်ကို ကတိပေးခဲ့ပြီး အဲဒီပေးခဲ့တဲ့ ကတိအတိုင်း အခုကားပါကင်လုပ်နေတဲ့ အကြောင်း ပြန် ဖြေပါတယ်။
တကယ်တော့ ဦးဖုန်းမြင့်အောင် မေးမြန်းခဲ့တာဟာ ပန်းခြံကို ပန်းခြံနဲ့ တူအောင် သဘာဝပတ်ဝန်းကျင် စိုပြည်စိမ်းလန်းအောင်၊ အားကစားလုပ်နိုင်၊ အပန်းဖြေနိုင်အောင် ဘာတွေလုပ်ပေးမလဲ မေးမြန်းတာပဲ ဖြစ်ပြီး ကားပါကင်လုပ်ပေးဖို့ တောင်းဆိုတာမျိုး မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ရန်ကုန်တိုင်း လွှတ်တော် အတွင်း မေးမြန်းမှုကတော့ ရန်ကုန်တိုင်းအစိုးရနဲ့ တိုင်းအမတ်တိုင်ပင်ပြီး ချိန်ကိုက်မေးမြန်းတာမျိုး ဖြစ် ကောင်းဖြစ်နိုင်သလို ရိုးရိုးတန်းတန်း ပန်းခြံကို ပန်းခြံနဲ့တူအောင် အဆင့်မြှင့်ပေးဖို့လည်း ဖြစ်နိုင်ပါတယ်။ ကားပါကင် လုပ်ပေးဖို့တောင်းဆိုတာတော့ မဖြစ်နိုင်ပါ။
တကယ်တော့ ရန်ကုန်မှာ ကားပါကင် လိုနေတာ အမှန်ပါပဲ။ ရန်ကုန်မှာ ဆောက်တဲ့ အဆောက်အအုံတွေ အများစုမှာ လုံလောက်တဲ့ ကားပါကင်တွေ ရှိမလာတာဟာ ဆောက်လုပ်ရေး လုပ်သူတွေနဲ့ ရန်ကုန်စည် ပင် အဂတိလိုက်စားမှုတွေ လုပ်ပြီး ခွင့်ပြုပေးခဲ့လို့ ဖြစ်ပါတယ်။ နောက်ထပ် အသစ်ဆောက်မယ့် အထပ် မြင့်ကားပါကင်တွေအတွက်လည်း အစိုးရဌာနဆိုင်ရာ ဘက်ကရော၊ စည်ပင်ဘက်ကပါ သူတို့ပိုင်မြေနေ ရာတွေ မပေးချင်ပါဘူး။ အဲဒီ မြေနေရာတွေကို သူတို့ ဘိုးဘွားပိုင် မြေနေရာတွေလို သဘောထားပြီး စီးပွားရေး လုပ်ငန်းရှင်တွေကိုပဲ လုပ်ကိုင်ခွင့် ပေးခဲ့ကြတာပါ။ လုပ်မယ့်လုပ်တော့ ကားပါကင်ကို အများ ပြည်သူပိုင်ဆိုင်တဲ့ မြေနေရာတွေမှာပဲ လုပ်နေတာပါ။ ပြည်သူတွေ သွားလာနေတဲ့ ပလက်ဖောင်းတွေကို အမြော်အမြင်မဲ့စွာ လှီးပစ်တာ၊ ကျယ်ဝန်းလှတဲ့ ရန်ကုန်တိုင်းလွှတ်တော် မြေနေရာမှာ နေရာပေးတာနဲ့ အခု အများပြည်သူအတွက် ဖြစ်ရမယ့် ပန်းခြံတွေကို ရောင်းစားတာမျိုးပဲ ဖြစ်ပါတယ်။
ဒုဝန်ကြီး တင်ပြချက်အရ အခု အစီအစဉ်မှာ ကားအစီး ၂၈ဝ လောက်အတွက် ပါကင်ရမယ်လို့ ဆိုပါတယ်။ ဒီလောက် အရည်အတွက်ဟာ ရန်ကုန်မှာ ကားကြပ်တဲ့ ပြဿနာရဲ့ နှမ်းစေ့လောက်တောင် ပြေလည်မသွားနိုင်ပါဘူး။
ခုလို ရန်ကုန်တိုင်း အစိုးရရဲ့ အမျှော် အမြင်မဲ့ လုပ်ဆောင်မှုတွေကို ပြည်ခိုင်ဖြိုး တွေပဲ လွှမ်းမိုးထားတဲ့ ရန်ကုန်တိုင်း လွှတ်တော်ကလည်း ဘာမှ မလုပ်နိုင်ပါ ဘူး။ ပြည်ထောင်စု လွှတ်တော် အမတ်တွေ ကလည်း မေးခွန်းမေးရုံက လွဲပြီး ဘာမှ မတတ်နိုင်ကြပါဘူး။ တစ်ခုတည်းသော လုပ်နိုင်တဲ့ နည်းကတော့ အများပြည်သူ စိတ်ချမ်းသာအောင် လုပ်မပေးတဲ့ အစိုးရမျိုး ပေါ်ပေါက်မလာအောင် နောင်လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ မဲမပေးဖို့ပဲ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
http://www.mizzimaburmese.com/2013-10-20-17-18-22/2013-10-20-16-34-57/item/38479-2015-02-06-03-45-26

0 comments:

Post a Comment

အခုလိုအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်